ပခုက္ကူတွင် စစ်တပ် တပ်စွဲထားသည့်ရွာကို တိုက်ခိုက်ခဲ့ရာ ပျူဆိုသူ ၂ ဦးဖမ်းမိဟုဆို

By ကိုခင်မောင်
01 February 2023
ပခုက္ကူတွင် စစ်တပ် တပ်စွဲထားသည့်ရွာကို တိုက်ခိုက်ခဲ့ရာ ပျူဆိုသူ ၂ ဦးဖမ်းမိဟုဆို

(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသောနေရာကို သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးဆိုသူ နှစ်ဦးကို အရှင်ဖမ်းမိထားပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများလည်းရှိခဲ့ကြောင်း ဇန်နဝါရီ ၃၁ရက်တွင် Earthquake People's Defence Force က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ ၂၃ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်အချိန်တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများကို အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့မှ သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးရာတာဝန်ခံ ကိုပိန်ထံမှ သိရသည်။

“ဖမ်းမိထားတဲ့ ပျူတွေက သတင်းထောက်ပုံစံမျိုးဗျ။ ကျတော်တို့သွားပြီးတိုက်တာကို သူတို့က သတင်းထောက်တာ အဲတာကို ကျတော်တို့ကဖမ်းပြီးတော့မှ ရွာမှာရှိတဲ့ အင်အား ၂၀ခန့်ကို သွားတိုက်တာဗျ။ အဲဒီပျူတွေက ပခုက္ကူမြို့နယ် ဘုန်းကန်ကျေးရွာက ပျူတွေပါ။” ဟု သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးရာတာဝန်ခံ ကိုပိန်က မဇ္ဈိမသို့ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပြန်လည်တိုက်ခိုက်မှုများရှိခဲ့ပြီး အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ကာ စစ်ကောင်စီဘက်မှ သေဆုံးသူများလည်းရှိခဲ့ပြီး အသေးစိတ်အချက်အလက်ကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများသည် အနောက်ဘုန်းကန်ရွာ၏ အနောက်ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိနေသော တခြားစစ်ကောင်စီတပ်သားများကို ကူညီရန်အတွက် အဆင်သင့်ရှိနေသည့်အဖွဲ့များဖြစ်သည်ဟုလည်း ကိုပိန်ကဆိုသည်။

Earthquake People's Defence Force မှ ထုတ်ပြန်ထားသည့် တိုက်ပွဲဗီဒီယိုဖိုင်တွင် ဒေသကာကွယ်ရေးအဖွဲ့မှ ရဲဘော်များသည် အင်္ကျီမဝတ်ဘဲ သေနတ်ကိုယ်စီဖြင့် တိုက်ပွဲဝင်တိုက်နေသည်ကို တွေ့ရသည်။

“ကျတော်တို့ရဲ့ စစ်ရေးသဘောတရားအရ အချင်းချင်းပြန်ပြီးတော့ မှတ်မိနိုင်အောင်လို့ အင်္ကျီတွေကို မဝတ်ထားတာဖြစ်တယ်။ အဲဒီ တိုက်ပွဲမှာ လက်နက်ကြီးနဲ့ ပစ်တာမဟုတ်ဘူး အနီးကပ်သွားပစ်ရတာမို့ ကျတော်တို့အချင်းချင်းလူမှားလို့ မရအောင်ပါ။ ခွေး(စကစတပ်သား)တွေကိုယ်တိုင်ကလည်း PDF ဝတ်စုံတွေဝတ်ပြီးတော့ PDF အသွင်ယူပြီး နာမည်ဖျက်နေတာမျိုးရှိတယ်။ အဲတာကြောင့် ဒီနေ့တိုက်ပွဲအတွင်း အင်္ကျီမဝတ်တာပါ။” ဟု ကိုပိန်က ဆက်ရှင်းပြသည်။

ယခုတိုက်ခိုက်မှုကို Earthquake People's Defence Force နှင့်အတူ မကွေး၊ ရေစကြို၊ မြိုင်၊ ပေါက်၊ဆိပ်ဖြူနယ်များမှ မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာတိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မဟာမိတ်အဖွဲ့များသည် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကိုပိန်ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly