ကိုဗစ်ကြောင့် တိဗက်လူမျိုး ၂၂၀ ဝဝဝ ကျော် သေဆုံးနိုင်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ ခန့်မှန်း 

ကိုဗစ်ကြောင့် တိဗက်လူမျိုး ၂၂၀ ဝဝဝ ကျော် သေဆုံးနိုင်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ ခန့်မှန်း 

တရုတ်နိုင်ငံတွင် ကူးစက်ပြန့်ပွားလွယ်သော ကိုရိုနာဗိုင်းရပ်စ်နှင့်မျိုးကွဲများ များပြားလာချိန်တွင် နိုင်ငံအနောက်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အသက် ၆၀ နှင့်အထက် တိဗက်လူမျိုး ၂၂၀ ဝဝဝ ကျော် သေဆုံးနိုင်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာသစ်တွင် ခန့်မှန်းဖော်ပြထားသည်။

တိဗက်ဆိုင်ရာ နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့၏ ဇန်နဝါရီလ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဂျပန်နှင့် ဘရာဇီးတို့မှ လူဦးရေစာရင်းအချက်အလက်များနှင့် ကျန်းမာရေးလေ့လာမှုများအပြင် လဟာပြင်သင်္ချိုင်းများသို့ သယ်ဆောင်သွားသည့် အလောင်းအရေအတွက်ကို သတင်းပေးပို့သည့် တိဗက်လူမျိုးများ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တရုတ်သန်းခေါင်စာရင်းအချက်အလက်များကို အခြေပြုပြီး ခန့်မှန်းထားခြင်းဖြစ်သည်။ 

တိဗက်တွင် လက်ရှိ ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေချိန်တွင် အသက် ၈၀ နှင့်အထက် တိဗက်လူမျိုး ၄၅ ၄၆၉ ဦး အပါအဝင် အသက် ၆၀ နှင့်အထက် တိဗက်လူမျိုး ၂၂၁ ၂၁၈ ဦး သေဆုံးနိုင်ကြောင်း အဖွဲ့က ခန့်မှန်းထားသည်။
"ဒီခန့်မှန်းချက်တွေဟာ မယုတ်မလွန်ဖြစ်ပြီး တရုတ်အစိုးရက ပွင့်လင်းမြင်သာမှုမရှိရင်တော့ တိဗက်မှာ အမှန်တကယ် ကိုဗစ်ကြောင့် သေဆုံးနှုန်းကို အတိအကျမသိနိုင်ပါဘူး" ဟု အဖွဲ့က ပြောကြားခဲ့သည်။

ပိတ်ဆို့ကန့်သတ်မှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများအပြီး ဒီဇင်ဘာလအစောပိုင်းတွင် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို တရုတ်အစိုးရက ရုပ်သိမ်းခဲ့သည်။

တရုတ်အစိုးရကျန်းမာရေးတာဝန်ရှိသူများက ဒီဇင်ဘာနှောင်းပိုင်းတွင် ကန့်သတ်ချက်များဖြေလျှော့ပြီးနောက် ကိုရိုနာဗိုင်းရပ်အတည်ပြုလူနာအရေအတွက် တိုးလာသော်လည်း နေ့စဉ်ကိုဗစ်အချက်အလက်ထုတ်ပြန်ခြင်းကို ရပ်တန့်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သေဆုံးသွားသူအများစုမှာ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများဖြစ်သည်ဟု RFA က ဇန်နဝါရီလ အစောပိုင်းတွင် ဖော်ပြခဲ့သည်။

အသက် ၈၀ နှင့်အထက် ၈၂ ၇၀ဝ ဦးအပါအဝင် အသက် ၆၀ နှင့်အထက် တိဗက်လူမျိုး ၆၉၃ ၀ဝ၀ နီးပါးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြောင်း  တရုတ်၏ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအချက်အလက်များတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly