Omni Focus ယာဉ်လိုင်း အာဏာသိမ်း၂နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ပြေးဆွဲ

By ထွန်းမောင်
01 February 2023
Omni Focus ယာဉ်လိုင်း အာဏာသိမ်း၂နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ပြေးဆွဲ

စမ်းချောင်း(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်မှ အာဏာသိမ်းခြင်း နှစ်နှစ်ပြည့် မြောက်သည့် ယနေ့ဖေဖော်ဝါရီလ ၁ရက်နေ့ ၌ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး အေးနေဝင်းနှင့် ကျော်နေဝင်းတို့၏ မိသားစုပိုင်ဖြစ်သည့် Omni Focus ယာဉ်လိုင်းများမှ ယာဉ်စီးခ အခမဲ့ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

Omni Focus မှ ရန်ကုန်မြို့အတွင်းပြေးဆွဲလျက်ရှိသည့် YBSယာဉ်လိုင်း ၂၀၊ ၅၆၊ ၈၂၊ ၈၃၊ ၉၈၊ ၉၉ နှင့် ရန်ကုန်-ဆူးလေ-လေဆိပ် ယာဉ်လိုင်းများကို အခမဲ့ ပြေးဆွဲနေခြင်း ဖြစ်သည်။

‘’ကျွန်တော်တို့ မနက်အလုပ်လာတော့ ထုံးစံအတိုင်း ပိုက်ဆံပုံးထဲကို ပိုက်ဆံထည့်တော့ တိပ်နဲ့ ပိတ်ထားတယ်။ ယာဉ်မောင်းက ငွေကောက်မယ်ထင်ပြီးပေးတော့ ဒီနေ့အခမဲ့တဲ့။ ကားရှေ့က မှန်မှာလည်း စာကပ်ထားတယ်။ အခမဲ့စီးနင်းနိုင်သည်ဆိုပြီး။ ကျန်တဲ့ တခြား Omni Focus ယာဉ်လိုင်းတွေလည်း အခမဲ့လို့သိရတယ်။ သဘောကတော့ ဒီနေ့က ဘာနေ့ထူးနေ့မြတ်မှလည်းမဟုတ်ဘဲ အာဏာသိမ်းတာ နှစ်နှစ်ပြည့်တဲ့နေ့ကို သိသိကြီးနဲ့လုပ်လိုက်တဲ့သဘောပဲ။ နောက်ပြီးရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေထဲမှာလည်း သူတို့ယာဉ်လိုင်းတွေက ကောင်းနေတော့ ခရီးသည်တွေက မစီးမဖြစ် စီးနေကြရတယ်’’ဟု ခရီးသည်တစ်ဦးက ပြောသည်။

Omni Focus ယာဉ်လိုင်းများအနေဖြင့် ပြီးခဲ့သည့်နှစ် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က လှိုင်သာယာမြို့နယ်၊ ရိုးကြီးမှတ်တိုင်အနီးရှိ ဂက်(စ်)ဆိုင်ရှေ့ တွင် ရပ်ထားသော YBS ၂၀ ယာဉ်ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၃၁ ရက် နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက် မှတ်တိုင်အနီး၌ YBS ၂၀ ယာဉ်ကို မီးပုလင်းဖြင့် ပစ်ပြီး မီးရှို့ခဲ့သေးသည်။

သည့်ပြင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း အလုံမြို့နယ်၊ သခင်မြပန်းခြံ ဘေးတွင် Omni Focus ကုမ္ပဏီ၏ YBS ၆၅ ယာဉ် နှစ်စီးကို Special Task Agency of Burma (STA)အဖွဲ့က အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲခဲ့ရာ ယာဉ်နှစ်စီးလုံး ပျက်စီးသွားကြောင်း သိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly