မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်ကို ဗိုလ်အယ်စေးဝါးဦးစီးသည့် Lion Battalion Commando ပြန်လည်ငြင်းဆို

By သွင်ထူးဈာန် (ကော်သူးလေ)
31 January 2023
မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်ကို ဗိုလ်အယ်စေးဝါးဦးစီးသည့် Lion Battalion Commando ပြန်လည်ငြင်းဆို

ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမ်းနီကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများကို ဗိုလ်အယ်စေးဝါးဦးစီးသည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းက မီးရှို့ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ၂၄ရက်နေ့တွင် ဗိုလ်အယ်စေးဝါးဦးစီးသည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်အယ်စေးဝါးဦးစီးသည့် ပူးပေါင်းစစ်ကြောင်းက ကမ်းနီကျေးရွာနှင့် ညောင်ရိပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၏ စွပ်စွဲထုတ်ပြန်ချက်ကို Lion Battalion Commandoစစ်ကြောင်းက ပြန်လည်ငြင်းဆိုသည်။

“အဲ့လိုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။ ဇန်နဝါရီလ၂၀ရက်နေ့ကနေ ၂၆ရက်နေ့အထိ ကျနော်တို့ ကမ်းနီးကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့တိုက်ပွဲတစ်လျှောက်မှာ စစ်ကောင်စီရဲ့ ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)(၁၂)လက်အောက်ခံ အမှတ်(၅၄၅)၊(၅၄၆)တပ်ရင်းတွေက ကျနော်တို့ဆီကို ၁၂၀ မမ၊ ဟောင်ဝစ်ဇာ စတဲ့ လက်နက်ကြီးတွေနဲ့ အကြိမ်၂၀၀ကျော်ပစ်တယ်။ အဲ့လောက်ပစ်မှတော့ ရွာမီးမလောင်ဘဲခံနိုင်မလား၊ ၁၂၀တွေက ကျရင်မီးမလောင်ဘူး၊ ဒါပေမယ့် ဟောင်ဝစ်ဇာကတော့ မီးလောင်တဲ့ သဘောရှိတယ်၊ ကျနော်တို့ဆီမှာလည်း ဟောင်ဝစ်ဇာကြောင့် မီးလောင်တဲ့ ဗီဒီယိုတွေရှိတယ်”ဟု Lion Battalion Commandoစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ တောင်ပိုင်နဂါးက ပြောသည်။

အဆိုပါရွာ မီးလောင်မှုတရားခံမှာ မည်သည့်အဖွဲ့ဖြစ်ကြောင်း ပြည်သူများသိရှိထားပြီးဖြစ်သကဲ့သို့ စာထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

“မျက်ရည်ကျပြီးမှ သုတ်ပေးတာထက် မျက်ရည်မကျအောင်ထားတတ်ရမယ်ဆိုတဲ့ စကားလိုပေါ့၊ ကိုယ့်လူမျိုးကို ချစ်တယ်ဆိုရင် တိုက်ပွဲဖြစ်မှ လိုက်ကူညီနေတာထက် အစောကြီးကတည်းက ကိုယ့်နယ်မြေကို တစ်လက်မမှ တခြားသူက ကျူးကျော်မလာနိုင်အောင် ကာကွယ်ရမှာလို့ ကျနော်ထင်တယ်၊ အခုလိုဖြစ်လာပြီးမှ ဒီလိုမျိုးနံမည်ကောင်းဝင်ယူပြီးတော့ တစ်ဖက်အဖွဲ့အစည်းကို ခိုင်ခိုင်မာမာသက်သေမရှိဘဲ စွပ်စွဲတာမျိုးက ကျနော်တို့ဘက်က လုံးဝလက်မခံနိုင်ဘူး၊ တုံ့ပြန်စရာရှိတာကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်၊ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ရပ်တည်ချက်ကတော့ရှင်းတယ်၊ စကစ(စစ်ကောင်စီ)နဲ့လက်တွဲနေတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကိုမဆို ကျနော်တို့စစ်ကြောင်းက ပြတ်ပြတ်သားသား တိုက်ထုတ်သွားမှာပါ”ဟု Lion Battalion Commandoစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ တောင်ပိုင်နဂါးက ပြောသည်။

ဗိုလ်အယ်စေးဝါးဦးစီးသည့် Lion Battalion Commandoပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကမ်းနီကျေးရွာတွင် အိမ်ခြေ ၂၁ လုံး တိုက်ပွဲဖြစ်စဉ်ကြောင့် ညောင်ရိပ်ကျေးရွာတွင် အိမ်ခြေ ၁၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကမ်းနီကျေးရွာတွင် နေအိမ်သုံးလုံး၊ ညောင်ရိပ်ကျေးရွာတွင် နေအိမ်တစ်လုံး သရက်တောကျေးရွာတွင်လည်း နေအိမ်ခုနစ်လုံး ထိမှန်ပျက်စီးခဲ့ကာ ကျေးရွာသားနှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly