လုပ်ခလစာမပေးခြင်းနှင့် အလုပ်ထုတ်ပယ်မှုများအကြား မတည်ငြိမ်မှုများရင်ဆိုင်နေရသည့် တရုတ်စီးပွားရေး

By ANI 
30 January 2023
လုပ်ခလစာမပေးခြင်းနှင့် အလုပ်ထုတ်ပယ်မှုများအကြား မတည်ငြိမ်မှုများရင်ဆိုင်နေရသည့် တရုတ်စီးပွားရေး

လုပ်ခလစာများ မရရှိခြင်းနှင့် အလုပ်အကိုင်ဆိုင်ရာ ပြဿနာများကို ချက်ချင်းမဖြေရှင်းနိုင်ပါက တရုတ်နိုင်ငံအနေဖြင့် ဆိုးရွားသည့် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။

လူငယ်များ အလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံတစ်ဝန်း ကိုဗစ်ရောဂါဖြစ်ပွားမှုတို့ကို ကြုံနေရချိန်၌ ထိုပြဿနာကို မဖြေရှင်းနိုင်လျှင် နိုင်ငံတည်ငြိမ်ရေး အစွမ်းကုန်ကြိုးပမ်းနေရသည့် အာဏာရကွန်မြူနစ်ပါတီအပေါ် အကျိုးသက်ရောက်မှု ကြီးမားလာနိုင်သည်ဟု The Geneva Daily နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

အစိုးရ၏ တင်းကျပ်သော အသွားအလာကန့်သတ်မှုစီမံချက်များကို ကူညီပေးနေသော သန်းပေါင်းများစွာသော တရုတ်ဝန်ထမ်းများအတွက် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုတ်တရက် ရုပ်သိမ်းလိုက်ခြင်းသည် ဝမ်းသာစရာသတင်းတစ်ခုမဟုတ်ပေ။
အဆိုပါဝန်ထမ်းများကို ငှားရမ်းထားသည့် ပုဂ္ဂလိကကုမ္ပဏီများသည် လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့သည့်အပြင် ပြီးခဲ့သည့်နိုဝင်ဘာလမှစ၍ လစာများမပေးတော့သဖြင့်  မြို့ကြီးအတော်များများတွင် အခြေအနေတင်းမာနေကြောင်း The Geneva Daily သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင့်မြို့တွင် ဒေါသထွက်နေသော ရာနှင့်ချီသည့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်သားများသည် အစိုးရ၏ ကိုဗစ်အစီအမံများကိုဖော်ဆောင်ရန် ၎င်းတို့အား ငှားရမ်းခဲ့သည့်ကုမ္ပဏီတစ်ခုနှင့် လစာငွေပေးချေရေးကိစ္စ အချေအတင် ဖြစ်ခဲ့ကြပြီး အခကြေးငွေနှင့် အလုပ်အကိုင်များရရှိရေး တောင်းဆိုနေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
ချုံချင့်မြို့ရှိ ကိုဗစ်စမ်းသပ်ကိရိယာထုတ်လုပ်သည့်ကုမ္ပဏီတွင်လည်း လစာနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရာနှင့်ချီသော မှဝန်ထမ်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

အဆိုပါအလုပ်သမားများသည် လစာမရသည်မှာ လပေါင်းများစွာရှိပြီဖြစ်သည့်အတွက် စက်များကိုရိုက်ခွဲကာ ရဲများကို ပစ္စည်းများဖြင့်် ပစ်ပေါက်ခဲ့ကြပြီး ကိုဗစ်စမ်းသပ်ကိရိယာများထည့်သော သေတ္တာများကို မြေကြီးပေါ်သို့ ကန်ထုတ်ခြင်း လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း The Geneva Daily တွင် ဖော်ပြထားသည်။

ကမ္ဘာ့အတင်းကျပ်ဆုံး ဗိုင်းရပ်စ်ထိန်းချုပ်ရေး၏ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဒေသဆိုင်ရာအစိုးရများ၏ ဘဏ္ဍာငွေများ ပြတ်တောက်သွားသည့်အတွက် လာမည့်ရက်များအတွင်း တရုတ်မြို့ကြီးများတွင် လစာနှင့် အလုပ်အကိုင်ဆိုင်ရာ ရုန်းရင်းဆန်ခတ်မှုများနှင့် အကြမ်းဖက်မှုများ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်။ ဒေသဆိုင်ရာအစိုးရများသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အကောင်အထည်ဖော်ရန် ဝန်ထမ်းများနှင့် ပစ္စည်းကိရိယာများ ချထားပေးသော ကုမ္ပဏီများအတွက် အခကြေးငွေ ပေးချေနိုင်ခြင်းမရှိပေ။

ထို့ပြင် အသွားအလာကန့်သတ်မှုများ၊ မကြုံစဖူး အိမ်ခြံမြေဈေးကွက် ကျဆင်းခြင်းနှင့် အပူလှိုင်းကျရောက်မှုများကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ရာစုနှစ်တစ်ဝက်နီးပါးအတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်ဖြစ်သည်။ 

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် စတုတ္ထ ၃ လပတ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း နိုင်ငံစာရင်းအင်းဗျူရို၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စက်မှုကုန်ထုတ်လုပ်မှုမှာလည်း ဒီဇင်ဘာလတွင် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျခဲ့သလို လက်လီရောင်းချမှုမှာ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးတွင် ၀ ဒသမ၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly