အာဖဂန်နစ္စတန်ရှိ တရုတ်နိုင်ငံသားများ ဘေးကင်းရေးအတွက် တာလီဘန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

By ANI
30 January 2023
အာဖဂန်နစ္စတန်ရှိ တရုတ်နိုင်ငံသားများ ဘေးကင်းရေးအတွက် တာလီဘန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းသည် တာလီဘန်ယာယီနိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်းမတ်တာကီနှင့် ဇန်နဝါရီလ ၂၁ ရက်က ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး အာဖဂန်နစ္စတန်ရှိ တရုတ်နိုင်ငံသားများ ဘေးကင်းရေး သေချာဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ အာဖဂန်နစ္စတန်ရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံရေးကို တရုတ်နိုင်ငံက အလွန်အလေးထားကြောင်းနှင့် အာဖဂန်ဘက်မှ တရုတ်နိုင်ငံသားများ ဘေးကင်းရန် ခိုင်မာသည့် အစီအမံများ ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ကျင်ဂန်းက ပြောကြားခဲ့သည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နှင့်တရုတ်အကြား ချစ်ကြည်ရေးကို ပျက်စီးစေကာ တရုတ်၏ အကျိုးစီးပွားကို ထိခိုက်စေရန် လုပ်ဆောင်မည့် တပ်ဖွဲ့မှန်သမျှကို အာဖဂန်မြေအား အသုံးပြုခြင်းမှ တားမြစ်ထားကြောင်းလည်း မတ်တာကီက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အာမခံရန် အာဖဂန်အနေဖြင့် အကြမ်းဖက်မှုမှန်သမျှကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အင်မတန် တန်ဖိုးထားပြီး အာဖဂန်ပြည်သူများ၏ လွတ်လပ်သော ရွေးချယ်မှုများ၊ ဘာသာရေးယုံကြည်ချက်များနှင့် လူမျိုးရေး ဓလေ့ထုံးတမ်းများကို အစဉ်လေးစားကြောင်း ကျင်ဂန်းက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ အမူဒါယာမြစ်ဝှမ်းဒေသတွင် ရေနံတူးဖော်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက်ကို တာလီဘန်က ယခုလအစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် အနောက်နိုင်ငံများတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံတမန် ဝမ်ယုနှင့် အာဖဂန် စီးပွားရေးဆိုင်ရာ ယာယီဒုတိယန်ကြီးချုပ် အဗ္ဗဒူ ဂါနီ ဘာရာဒါ အပါအဝင် တာလီဘန်အဆင့်မြင့်အရာရှိများ၏ ရှေ့မှောက်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တန်ကြေးရှိ စာချုပ်ကို ဇန်နဝါရီ ၅ ရက်က လက်မှတ်ရေးခဲ့ကြသည်။

"အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက် တာလီဘန်၏ ပထမဆုံးသော အဆိုပါအကြီးစား စွမ်းအင်ရင်းနှီးမြှုပ်နှံမှုစာချုပ်သည် အာဖဂန်နစ္စတန်အပေါ် တရုတ်၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုကို ဖော်ပြနေသည်" ဟု ဝါရှင်တန်အခြေစိုက် သုတေသီ ကိုင်လ်ဆာဂျိုရန်က 19fortyfive သတင်းဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

"အာဖဂန်တွင် တရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုအကြိမ်ရေ တိုးလာနေသော်လည်း တရုတ်နိုင်ငံသည် မွတ်စလင်ကမ္ဘာတွင် ၎င်း၏ ကမ္ဘာတစ်ဝန်းနယ်ချဲ့စီမံကိန်းကို ရပ်တန့်ရန် အရိပ်အယောင်ပင် မပြသေးကြောင်း” ကိုင်လ်ဆာဂျိုရန်က ပြောသည်။

တာလီဘန်များ အုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်တွင် တရုတ်နိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် အဆိုပါသဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လက အစ္စလာမ္မာစ်နိုင်ငံတော်ခိုရာဆန်ပြည်နယ် (ISIS-K) အဖွဲ့က တရုတ်စီးပွားရေးသမားများကြား နာမည်ကြီးသည့် ကဘူးလ်ရှိ ဟိုတယ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

တရုတ်ကို ပစ်မှတ်ထားသော အကြမ်းဖက်ခြိမ်းခြောက်မှုများ ကြီးထွားလာနေသော်လည်း အာဖဂန်နစ္စတန်နိုင်ငံ၏ ရေနံသိုက်များကို တူးဖော်ထုတ်ယူရန် အကြီးစား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly