ထိုင်ဝမ်အနီးတွင် တရုတ်စစ်လေယာဉ် ၃၁ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်း ထောက်လှမ်းတွေ့ရှိ

By ANI 
30 January 2023
ထိုင်ဝမ်အနီးတွင် တရုတ်စစ်လေယာဉ် ၃၁ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်း ထောက်လှမ်းတွေ့ရှိ

တရုတ်နှင့်ထိုင်ဝမ်အကြား တင်းမာမှုများ ဆက်ရှိနေချိန်တွင် ထိုင်ဝမ်အနီး၌ တရုတ်စစ်လေယာဉ် ၃၁ စင်းနှင့် ရေယာဉ် ၄ စင်းကို ခြေရာခံမိကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်တွင် တွစ်တာ၌ ရေးသားထားသည်။

 
ခြေရာခံမိသည့်လေယာဉ်များအနက် ၁၂ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကို ဖြတ်ကျော်ကာ ထိုင်ဝမ် အနောက်တောင် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) သို့ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
"ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၃၁ စင်းနှင့် စစ်သင်္ဘော ၄ စင်းကို ဇန်နဝါရီ ၂၀ ရက် နံနက် ၆ နာရီတွင် တွေ့ရှိခဲ့သည်။ ထိုင်ဝမ်စစ်တပ်သည် အခြေအနေကို စောင့်ကြည့်ခဲ့ပြီး ကင်းလှည့်လေယာဉ်၊ ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ တပ်ဖြန့်ကာ တုံ့ပြန်ခဲ့သည်” ဟု ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ တွစ်တာတွင် ဖော်ပြသည်။

“တွေ့ရှိခဲ့သည့်လေယာဉ် ၁၂ စင်း (J-11 ၆ စင်း၊  J-16 ၃ စင်း၊ J-10 ၂ စင်း နှင့် BZK-007 မောင်းသူမဲ့ ကင်းထောက်လေယာဉ် ၁ စင်း) တို့သည် အလယ်မျဉ်းကိုဖြတ်ကျော်သွားခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်အနောက်တောင်ဘက် ADIZ သို့ ဝင်ရောက်ခဲ့သည်” ဟု ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာတွင် ရေးသားထားသည်။ 
“JH-7 ဗုံးကြဲတိုက်လေယာဉ်၊ BZK-007 မောင်းသူမဲ့ကင်းထောက်လေယာဉ်နှင့် J-16 တိုက်လေယာဉ် ၂ စင်းတို့ သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကိုဖြတ်ကျော်ပြီး ထိုင်ဝမ်အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ ဝင်ရောက်ခဲ့သည်” ဟု ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ်များနှင့် သင်္ဘောများကို ဇန်နဝါရီ ၁၆ က ခြေရာခံမိခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် ဆက်ဆံသော ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များသည် “မီးနှင့်ကစားနေကြသည်” ဟု ပြီးခဲ့သည့် သီတင်းပတ်က တရုတ်က သတိပေးခဲ့သည်။
တရုတ်သည် နှစ်သစ်တွင် အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကိုကာကွယ်ရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်၏ လွတ်လပ်ရေးကို ဟန့်တားရန် သန္နိဋ္ဌာန်ချထားကြောင်း တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

"နိုင်ငံအချို့ရှိ တရုတ်ဆန့်ကျင်ရေး အင်အားစုများကြားတွင် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံမှုသည် တမင်တကာ ရန်စခြင်းဖြစ်သည်" ဟု ထိုင်ဝမ်ရေးရာရုံးအကြီးအကဲ မာရှောင်ကွမ်က အပတ်စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည် ဟု New York Post က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly