လာဘ်စားမှုအကြောင်း မလေးရှားဝန်ကြီးချုပ်ကို မေးမြန်းရန်ကြိုးစားသည့် သြစတြေးလျသတင်းထောက် ထိန်းသိမ်းခံရ

လာဘ်စားမှုအကြောင်း မလေးရှားဝန်ကြီးချုပ်ကို မေးမြန်းရန်ကြိုးစားသည့် သြစတြေးလျသတင်းထောက် ထိန်းသိမ်းခံရ

ကွာလာလမ်ပူ၊ မတ်၊ ၁၄ ။           ။ လတ်တလောထွက်ပေါ်နေသည့် အကျင့်ပျက်လာဘ်စားမှုသတင်းများနှင့်ပတ်သတ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ကိုမေးခွန်းထုတ်ရန်ကြိုးစားသည် သြစတြေးလျသတင်းထောက်ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

သြစတြေးလျနိုင်ငံသား သတင်းထောက် လင်တန်ဘက်ဆာ နှင့် ကင်မရာသမား လူဝီအီရိုဂလူတို့သည် ABC ရုပ်သံလိုင်း၏ Forur Corners အစီအစဉ်အတွက် ပြီးခဲ့သော စနေနေ့က ဝန်ကြီးချုပ်နာဂျစ်ကိုမေးမြန်းရန်ကြိုးစားစဉ် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

လင်တန်ဘက်ဆာသည် မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းစုမှ ဝန်ကြီးချုပ်နာဂျစ်၏ ဘဏ်စာရင်းသို့ အမေရိကန်ဒေါ်လာ ၆၈၁ သန်းလွှဲပြောင်းပေးထားမှုနှင့်ပတ်သတ်ပြီး   မေးမြန်းရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။

1MDB နှင့် ငွေကြေးအရှုပ်အရှင်းကိစ္စများနှင့်ပတ်သတ်ပြီး ထွက်ပေါ်နေသောသတင်းများအားလုံးကို ဝန်ကြီးချုပ်နာဂျစ်က ငြင်းဆန်ထားပြီး သူ့အနေဖြင့်မည့်သည့် အမှားမျိုးမှကျူးလွန်ထားခြင်းမရှိကြောင်း ပြောကြားထားသည်။

လက်ရှိအချိန်တွင် ABC သတင်းဌာန၏ Four Corners အစီအစဉ်အတွက် ရိုက်ကူးရင်း ထိန်းသိမ်းခံရသည့် သတင်းထောက်နှင့် ကင်မရာသမား နှစ်ဦးစလုံးကို မလေးရှားအာဏာပိုင်များက မည်သည့်စွဲချက်မှမတင်ဘဲ ပြန်လွှတ်ပေး လိုက်ပြီး ဖြစ်သည်။

သို့သော် ထိုကိစ္စနှင့်ပတ်သတ်ပြီး မလေးရှားနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့်ပတ်သတ်ပြီး စိုးရိမ်မိသည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၏ ဒုဝန်ကြီးချုပ် အာမတ်ဇာဒီဟာမီဒီကမူ မလေးရှားနိုင်ငံအနေဖြင့် မီဒီယာသမားများကို ကန့်သတ်ပိတ်ပင် ထားခြင်း မရှိကြောင်း၊ သို့သော် နိုင်ငံတကာမီဒီယာသမားများအနေဖြင့် မီဒီယာလုပ်ငန်းများကို စာနယ်ဇင်းကျင့်ဝတ်နှင့် အညီလုပ်ဆောင်ရန်လိုကြောင်း ပြန်လည်တုံ့ပြန်ပြောကြားထားသည်။

ထို့ပြင် မလေးရှားရဲတပ်ဖွဲ့ကထုတ်ပြန်သော ကြေညာချက်ထဲတွင်လည်း လင်တန်ဘက်ဆာ နှင့် လူဝီအီရိုဂလူ တို့သည် လုံခြုံရေးစည်းကိုကျော်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း   ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly