ကျုံပျော်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ပြင်းထန်ဒဏ်ရာရ

By မင်းထက်
27 January 2023
ကျုံပျော်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ပြင်းထန်ဒဏ်ရာရ

မဇ္ဈိမ။ ။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် ဒို့မိသားစုဆောက်လုပ်ရေးပစ္စည်းဆိုင်အနီးတွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက် မနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာ အကြမ်းဖက်မှုဖြစ်စဥ်တွင်ပါဝင်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲဒုတပ်ကြပ် သူရအောင်ဆိုသူ ဗုံးထိမှန်ပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

၎င်းရဲဒုတပ်ကြပ် သူရအောင်ဆိုသူသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကျုံပျော်မြို့ လှေဆွဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များနှင့် ရဲများ အင်အားအများအပြားဖြင့် ဝင်ရောက်လာပြီး ဒေသခံများကို အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်းများကိုပြုလုပ်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

ထိုအချိန်က စစ်ကောင်စီတပ်များနှင့် ရဲများ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ဒေသခံ ငါးဦး သေဆုံးခဲ့ပြီး ၊၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခု ဗုံးထိမှန်ခဲ့သည့် ရဲမှာ ကျုံပျော်၊ လှေဆွဲကျေးရွာ ဒေသခံများအား အကြမ်းဖက်ခဲ့သူ ရဲဒုတပ်ကြပ်သူရအောင် ဖြစ်သည်ဟု ဒေသခံများကအတည်ပြု ပြောဆိုသည်။

ကျုံပျော်မြို့၊ အင်းရဲလမ်းဆုံရှိ ဒို့မိသားစု ဆောက်လုပ်ရေးပစ္စည်းဆိုင်အနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခရီးသွားပြည်သူများထံမှ မတရားငွေကြေးတောင်းယူနေသည့် ရဲတပ်ဖွဲ့ဝင်​၏ ခန္ဓာကိုယ်တစ်ခြမ်း ဗုံးထိမှန်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဗုံးပေါက်တဲ့အချိန်မှာ ဘေးက သဲအိတ်တွေ ပေါက်ထွက်ပြီး သဲတွေတောင် အဝေးကြီးထွက်သွားတယ်၊ ရဲလည်း သွေးတွေအများကြီးထွက်ပြီး ကိုင်ဆောင်ထားတဲ့ သေနတ်လည်း ပျက်စီးသွားတယ်ဆိုတော့ တော်တော်တော့ ထိသွားပုံရတယ်"ဟု ဆိုသည်။

ဒို့မိသားစု ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်အနီးရှိ တံတားထိပ်တွင် စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲရုံးရှိသည်ဟုသိရပြီး၊ အဆိုပါ ယာဥ်ထိန်းရဲရုံး၌ နေ့စဥ်ပိတ်ဆို့ စစ်ဆေးမှုပြုလုပ်နေသည့် ရဲ သုံးဦး ရှိသည်ဟုသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်၌ အဆိုပါ ယာဥ်ထိန်းရဲရုံးတွင် တာဝန်ကျသည့် ရဲ သုံးဦးအနက် တစ်ဦးသာရောက်ရှိလာသေးသည်ဟုလည်း သိရသည်။

"မနက်အစောကြီးတစ်ယောက်ပဲ ရောက်လာတဲ့အချိန်ပေါက်တာဆိုတော့ တစ်ယောက် ဗုံးထိတာပေါ့။ ကျန်တဲ့နှစ်ယောက်က ရောက်မလာသေးတော့ လွတ်သွားတယ်လို့ သိရတယ်"ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကို အမည်မသိအဖွဲ့တစ်ဖွဲ့က အဝေးထိန်းစနစ်ဖြင့်ဖောက်ခွဲသွားခြင်းဖြစ်ပြီး လူသွားလူလာနည်းသည့်အချိန် ပေါက်ကွဲခဲ့ခြင်းဖြစ်သည့်အတွက် ပြည်သူလူထုထိခိုက်မှုမရှိခဲ့ကြောင်း၊ ရဲ တစ်ဦးသာ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံကဆက်လက်ပြောသည်။

ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်မှာ ကျုံပျော်မြို့နယ် ၊ အထောင်၊ သောင်ကြီး ဒေသတွင်နေထိုင်သူဖြစ်သည်ဟု ဒေသခံများကအတည်ပြုပြောဆိုသည်။

ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်နှင့် ရဲများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရပြီး၊ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်အား ကျုံပျော်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required