မြောင်မြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် လဝက ရုံးတို့ကို MRA တပ်ဖွဲ့က မီးရှို့ရှင်းလင်းပြီး မြို့နယ်အုပ်ချုပ်ရေးရုံးကို ပစ်ခတ်တိုက်ခိုက်

By မောင်ခက်နွေ
27 January 2023
မြောင်မြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် လဝက ရုံးတို့ကို MRA တပ်ဖွဲ့က မီးရှို့ရှင်းလင်းပြီး မြို့နယ်အုပ်ချုပ်ရေးရုံးကို ပစ်ခတ်တိုက်ခိုက်

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ လဝက၊ ကြံ့ဖွတ်နှင့် ရွေးကော်ရုံးတို့ကို မီးရှို့ရှင်းလင်းပြီး မြို့နယ်အုပ်ချုပ်ရေးရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ တာဝန်ခံ ကိုဘဘက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၂၄ရက် ညနေ ၆နာရီအချိန်ခန့်တွင် လဝကရုံး နှင့် ကြံ့ခိုင်ရေးရုံးအား မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ မြို့တွင်းသို့ ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၂၅ရက် ညနေ ၅နာရီအချိန်ခန့်တွင် စကစတပ်များတပ်စွဲရာ မြောင်မြို့အထွေထွေအုပ်ချုပ်ရေးရုံးအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၇နာရီခွဲအချိန်ခန့်တွင် ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ မြို့တွင်းသို့ ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆက်လက်ရှင်းပြသည်။

"စကစမှ ၂၀၂၃ ခုနှစ်အတွင်း အတုအယောင်ရွေးကောက်ပွဲကျင်းပရန် လူဦးရေစာရင်း ကောက်ယူခြင်းကို မပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ဇန်နဝါရီ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မယ့် ဘယ်လိုအစီအစဉ်တွေ၊ ဘယ်လိုအထောက်အပံ့တွေမဆို တားဆီးဟန့်တားသွားမှာ ဖြစ်တယ်”ဟု မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ တာဝန်ခံ ကိုဘဘက မဇ္ဈိမကို ပြောသည်။

ယခုလိုတိုက်ခိုက်ရှင်းလင်းပြီးနောက် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆက်လက်ရှင်းပြသည်။

ပြည်သူများအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ဆောင်ရွက်နေသော အကြမ်းဖက်စကစတပ်များ၊ ဝန်ထမ်းများနှင့် နီးစပ်ရာတွင်မနေဘဲ သတိကြီးကြီးထား၍ သွားလာလှုပ်ရှားကြဖို့ကိုလည်း သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required