တရုတ်အစိုးရဖော်ပြသည့် ကိုဗစ်သေဆုံးနှုန်းများက ပကတိအခြေအနေနှင့် ကင်းကွာနိုင်

တရုတ်အစိုးရဖော်ပြသည့် ကိုဗစ်သေဆုံးနှုန်းများက ပကတိအခြေအနေနှင့် ကင်းကွာနိုင်

တရုတ်တွင် မကြာသေးမီရက်သတ္တပတ်များအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းနှင့် ကိုဗစ် အချက်အလက်ရရှိမှု နည်းပါးခြင်းကြောင့် တရုတ်အစိုးရ၏ ကမ္ဘာသို့ တင်ပြသည့် တရားဝင်ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာသည်။ 

တရုတ်တွင် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရုပ်သိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၀ ဝဝဝ နီးပါးရှိကြောင်း ဇန်နဝါရီလ ၁၄ ရက်က ကြေညာခဲ့သည်။
သို့သော် အဆိုပါကိန်းဂဏန်းများသည် ဇန်နဝါရီ ၁၁ ရက်အထိ လူဦးရေသန်း ၉၀ဝ သို့မဟုတ် ၆၄ ရာခိုင်နှုန်း ကူးစက်ခံရကြောင်း ပီကင်းတက္ကသိုလ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကျောင်းမှ ထုတ်ဝေသည့် သုတေသန အစီရင်ခံစာနှင့် ကွဲလွဲနေသည်ဟု Asia Times က ဖော်ပြခဲ့သည်။

တရုတ်တွင် ၂၀၂၁ ခုနှစ်က လူပေါင်း ၁၀ ဒသမ ၁၄ သန်း သေဆုံးခဲ့သောကြောင့် ၆၀ ဝဝဝ ဟူသောအရေအတွက်သည် ပုံမှန်သေဆုံးမှုအရေအတွက်၏ ၇ ရာခိုင်နှုန်းသာရှိကြောင်း ကွမ်တုံပြည်နယ်အခြေစိုက် စာရေးဆရာတစ်ဦးက ပြောကြားခဲ့သည်။
မြို့ကြီးများတွင် ဒီဇင်ဘာလလယ်ကတည်းက အသုဘအခမ်းအနားများ များပြားလာရသည့်အကြောင်းရင်းကို ယင်းကိန်းဂဏန်းများက မရှင်းပြနိုင်ကြောင်း စာရေးဆရာက ပြောကြားသည်။
တရုတ်တွင် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်သည် ယခုအချိန်အထိ ၅၈၄ ၀ဝ၀ ဦးခန့်ရှိလာပြီး ဧပြီလကုန်တွင် ၁ ဒသမ ၇ သန်းအထိရောက်ရှိနိုင်ကြောင်း ဗြိတိန်အခြေစိုက် ကျန်းမာရေးအချက်အလက်ကုမ္ပဏီ Airfinity ကို ကိုးကား၍ Asia Times က ဖော်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒါနွမ် ဂေဘရေယယ်ဆွတ်က ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်ဒါရိုက်တာဖြစ်သူ ဝန်ကြီး မာရှောင်ဝေနှင့် တရုတ်၏ ကိုဗစ်-၁၉ အခြေအနေများကို ဆွေးနွေးခဲ့ပြီး ကပ်ရောဂါ၏ ဇာစ်မြစ်နှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းခဲ့သည်။
တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းလိုက်ပြီးနောက် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၀ ဝဝဝ နီးပါး ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြသည့် နေ့တွင် ဖုန်းဖြင့်ပြောဆို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly