ရှေ့ခရီးဆက်ရဦးမည့် မြန်မာ့မီဒီယာလောက

ရှေ့ခရီးဆက်ရဦးမည့် မြန်မာ့မီဒီယာလောက

မကြာမီအာဏာလွှဲပြောင်းပေးရတော့မည့် ကြံ့ခိုင်ရေးပါတီ၏ အစိုးရလက်ထက်တွင် ပုဂ္ဂလိကသတင်းစာလုပ်ငန်း လိုင်စင်များ ချပေးခြင်း၊ ဆင်ဆာလုပ်ငန်းစဉ်များလျှော့ပေါ့ဖျက်သိမ်းခြင်း စသည့် မီဒီယာလွတ်လပ်ခွင့်ပေးသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများ အများအပြားကျန်ရှိနေဆဲ ဖြစ်သည်။ နယူးယောက်အခြေစိုက် ဂျာနယ်လစ်လွတ်လပ်ခွင့်ကော်မတီကထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ဆင်ဆာအတင်းကျပ်ဆုံးနိုင်ငံများစာရင်းတွင် နဝမနေရာ၌ ရပ်တည်နေဆဲဖြစ်သည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်းပထမဆုံးဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအဖွဲ့ ဧပြီ၊ ၁ ရက်တွင် စတင်တာဝန်ယူခြင်းနှင့်အတူ ဖြေလျှော့မှုများ၊ လွတ်လပ်မှုများပိုမို ရရှိလာရန် မြန်မာ့မီဒီယာလောကသားများက မျှော်လင့်တကြီး စောင့်စားလျှက်ရှိကြသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာရေးနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုများလည်း ကျန်ရှိနေဆဲဖြစ်သည်။ NLD အနေဖြင့် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများအများအပြား ရှိနေပြီး ထိုအခြေအနေက ဂျာနယ်လစ်များနှင့် မီဒီယာလုပ်ငန်းရှင်များအတွက် စိတ်မရှည် ချင်စရာ ဖြစ်လာနိုင်စရာလည်း ရှိနေသည်။

မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးမူဝါဒရေးရာ ဆွေးနွေးပွဲ

မြန်မာ့မီဒီယာလောကဖွံ့ဖြိုးရေးအတွက် ကနဦးခြေလှမ်းအနေဖြင့် မဇ္ဈိမမီဒီယာလုပ်ငန်း နှင့် Action Aid Myanmar တို့လက်တွဲပြီး ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့က မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး မူဝါဒရေးရာဆွေးနွေးပွဲတစ်ခုကျင်းပခဲ့သည်။

ရန်ကုန်မြို့၊ နိုဗိုတယ်လ်ဟိုတယ်တွင် ပြုလုပ်သော ထိုဆွေးနွေးပွဲသို့ မြန်မာ့မီဒီယာလောကမှ အရေးကြီးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး မြန်မာ့မီဒီယာလောက ရှေ့ခရီးနှင့် ဆက်လက်ရှင်သန်နိုင်ရန် အစိုးရဘက်မှ ထောက်ပံ့ပေးရန် လိုအပ်သည့် အကူအညီများနှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။ ထူးခြားချက်အနေဖြင့် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၏ သြဇာကြီးမီဒီယာကြီး ၄ ခုဖြစ်သည့် မြန်မာတိုင်းမ်၊ DVB ၊ ဧရာဝတီ နှင့် မဇ္ဈိမ တို့၏ အမှုဆောင်အရာရှိချုပ် ၄ ဦးစလုံး တက်ရောက်ခဲ့ကာ လိုအပ်ချက်များနှင့်ပတ်သတ်ပြီး အတူတကွညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် သံအမတ်များ၊ စာနယ်ဇင်းကောင်စီ၏အထွေထွေအတွင်းရေးမှူး၊ ယူနက်စကိုမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ တရားရေးနှင့်သုတေသနအဖွဲ့များ တက်ရောက်ခဲ့ပြီး NLD ပါတီ၏ မီဒီယာရေးရာကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသည့် NLD ဗဟိုကော်မတီအဖွဲ့ဝင် ဦးအောင်ရှင်းလည်း တက်ရောက်ဆွေးနွေးခဲ့သည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေမှာမူ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ခြင်း မရှိချေ။

'' ဦးတင့်ဆွေ မတက်နိုင်ဘူးလို့ မနေ့ကအကြောင်းကြားလာပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ကတခြားတစ်ယောက်ကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဘယ်သူမှလာ မတက်ခဲ့ပါဘူး '' ဟု ဆွေးနွေးပွဲကျင်းပသည့်နေ့ တွင် ပွဲစီစဉ်သူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီအထွေထွေအတွင်းရေးမှူး ဦးသီဟစော က လက်တလောထွက်ပေါ်နေသည့် ပြန်ကြားရေးဝန်ကြီး ဌာန ဖျက်သိမ်းမည့်သတင်းနှင့် နိုင်ငံပိုင်မီဒီယာလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုမည့် သတင်းများနှင့်ပတ်သတ်ပြီး NLD ဗဟိုကော်မတီဝင် ဦးအောင်ရှင်းကို မေးမြန်းခဲ့သည်။ မေးမြန်းမှုများနှင့်ပတ်သတ်ပြီး ဦးအောင်ရှင်းက ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ဦးတစ်ယောက်မျှ မရှိသဖြင့် ဖြေဆိုခြင်းဖြစ်ကြောင်း ပြောကြားပြီး NLD ကပြန်ကြားရေး ဝန်ကြီးဌာန ဆက်လက်ထားရှိမည်၊ မထားရှိဆိုသည်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပြောဆိုနိုင်သည့် ကိစ္စမျိုး မဟုတ်ကြောင်း၊ သူ့ပုဂ္ဂလိကအမြင်အရဆိုလျှင်မူ ဝန်ကြီးဌာန၏ အချို့အစိအပိုင်းများကို ဆက်လက်ထားရှိသွားဖွယ်ရှိ ကြောင်း ဖြေဆိုခဲ့သည်။

ထို့ပြင်နိုင်ငံပိုင်ရုပ်သံဌာနများနှင့် သတင်းဌာနများကို ပုဂ္ဂလိကပိုင်ပြုရမည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလင်းလင်းပြောကြားထားပြီးဖြစ်သော်လည်း ချက်ချင်းကြီးဖျက်သိမ်းရန် မဖြစ်နိုင်သေးကြောင်းနှင့် လက်ဝါးကြီး အုပ်မှုများ မပေါ်ပေါက်စေရန် အချိန်ယူရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ခံမှု၊တာဝန်ယူမှုတို့မှာ NLD အတွက်အလွန်အရေးပါပြီး တရားဝင်ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း ဦးအောင်ရှင်းကထပ်လောင်းပြော ကြားသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုအဆင့်အတန်းမြင့်မားသော မီဒီယာစံနှုန်းများပေါ်ပေါက်လာရန် NLD ကကူညီသွား မည် ဖြစ်ကြောင်း ဦးအောင်ရှင်းကပြောကြားသည်။

နိုင်ငံပိုင်မီဒီယာများပုဂ္ဂလိကသို့ လွှဲပြောင်းရေး

နိုင်ငံပိုင်မီဒီယာများကို ပုဂ္ဂလိကသို့လွှဲပြောင်းခြင်းမှာ မြန်မာ့မီဒီယာလောကအတွက် မှန်ကန်သည့်ခြေလှမ်းအဖြစ် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအားလုံးက တညီတညွတ်တည်း သဘောတူညီခဲ့ခြင်း မရှိချေ။ ထိုကိစ္စနှင့် ပတ်သတ်ပြီး ဦးသီဟစောက အခြားစဉ်းစားရန်နည်းလမ်းတစ်ခုအနေဖြင့် နိုင်ငံပိုင်မီဒီယာများကို အများပိုင်လုပ်ငန်းများ အဖြစ်သို့ အသွင်ပြောင်းရန် တင်ပြဆွေးနွေးခဲ့သည်။

အားကောင်းပြီးလွတ်လပ်သည့်မီဒီယာလောကပေါ်ထွန်းရေးဆိုသည့် NLD ၏မူဝါဒကိုထောက်ခံသော်လည်း လုပ်ဆောင်မည့်လုပ်ငန်းစဉ်နှင့်ပတ်သတ်၍ ပြန်လည်သုံးသပ်စေလိုကြောင်းလည်း ဦးသီဟစောက ပြောကြားသည်။

ဆိုဗီယက်ယူနီယံပြိုကွဲစဉ်ကလည်း နိုင်ငံပိုင်မီဒီယာများကို ပုဂ္ဂလိကပိုင်ပြုရေးနှင့် ပတ်သတ်ပြီး မေးခွန်းများထွက်ပေါ်ခဲ့ဖူး ကြောင်း နှင့် ပုဂ္ဂလိကပိုင်ပြုရုံမျှနှင့် အားလုံးပြေလည်သွားမည်မဟုတ်ဘဲ ယှဉ်ပြိုင်မှုကို အားပေးရန်၊ လက်ဝါးကြီးအုပ်မှုကို တားဆီးရန်တို့လည်း လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

ထို့အတူ မြန်မာတိုင်းမ်၏ အမှုဆောင်အရာရှိချုပ်တိုနီချိုင်းကလည်း နိုင်ငံပိုင်မီဒီယာများကို ပုဂ္ဂလိကပိုင်ပြရာတွင် အထူးသတိထားဆောင်ရွက်ရန်လိုကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။

DVB ၏မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သူ ဦးတိုးဇော်လတ်ကမူ သူ့အနေဖြင့် နိုင်ငံပိုင်မီဒီယာများသည် ပုဂ္ဂလိက ပိုင်ပြုခြင်းကို အယောင်ပြသဘောမျိုးလုပ်လာနိုင်သည်ဟု သံသယရှိကြောင်း ဖော်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ကြော်ငြာခအသုံးစရိတ်သည် ၂၀၀၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၈.၆ သန်းရှိရာမှ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၁.၇ သန်းအထိရှိလာခဲ့ပြီး နိုင်ငံပိုင်မီဒီယာများမှ အကြီးအကဲများအနေဖြင့် ထိုဝင်ငွေကို လက်လွှတ်လိုဖွယ်မရှိကြောင်း ဦးတိုးဇော်လတ်က ပြောကြားသည်။

ရုပ်သံဌာနများသို့ ထောက်ပံ့ငွေများမှာ အလွန်သံသယရှိစရာကောင်းပြီး လိုင်စင်များမှာလည်း လွှဲပြောင်းပေးနိုင်ကြောင်း၊ လိုင်စင်များကို ရရှိထားသည်မှာလည်း အစိုးရနှင့်နီးစပ်သူများ သာဖြစ်ကြောင်း လည်း ၎င်းက ပြောကြားသည်။

လုပ်ငန်းအမျိုးမျိုးပိုင်ဆိုင်မှု

မီဒီယာလုပ်ငန်းကြီးတစ်ခုက မီဒီယာလုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေခြင်းမှာလည်း အလွန်စိုးရိမ်စရာကောင်းသည့် ကိစ္စ ဖြစ်ကြောင်း ဦးတိုးဇော်လတ်က ပြောကြားသည်။

မြဝတီဆိုလျှင် ပုံနှိပ်လုပ်ငန်းလိုင်စင်ရော၊ ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ပါရရှိထားပြီး ထိုကဲ့သို့လုပ်ကိုင်နေခြင်းအတွက် စည်းမျဉ်းစည်းကမ်းများတိတိကျကျမရှိကြောင်းအပြင် အစိုးရက ရုပ်သံဌာနများ၊ ရေဒီယိုဌာနများကို ပိတ်ချင်တိုင်း ပိတ်နိုင် နေကြောင်းကိုလည်း ဦးတိုးဇော်လတ်က ချယ်ရီ FM ကိစ္စနှင့် ဥပမာပေးပြောကြားသွားခဲ့သည်။

ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးကျော်စွာမိုးကမူ နိုင်ငံပိုင်မီဒီယာများအရေးနှင့်ပတ်သတ်ပြီး လိုအပ်သည်များကို အချိန်မဆွဲဘဲ လျှင်လျှင်မြန်မြန်ဆောင်ရွက်ရန်  NLD ကိုတိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိရန်နှင့် ဈေးကွက်အတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် မီဒီယာလုပ်ငန်းများ ဘဏ္ဍာရေးပိုင်းအရ မျှမျှတတယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံပိုင် မီဒီယာများကို ဖျက်သိမ်းရန် လိုအပ်လျှက်ရှိနေသည်။ နိုင်ငံပိုင်မီဒီယာများသည် လုပ်ငန်းလည်ပတ်ရန်ဘက်ဂျတ်ငွေများကို နိုင်ငံတော်ထံမှ ရရှိနေပြီး စောင်ရေအရလည်း အလွန်များပြားကြောင်း၊ နာရေးကြေညာကဲ့သို့သော အသိပေးကြော်ငြာများကို နိုင်ငံပိုင်သတင်းစာများ ကသာ ရရှိနေကြောင်း International Media Support (IMS) မှ ဂလန်ဆွာဆင် က ထောက်ပြ ပြောကြားသည်။

မမျှတသည့် ပြိုင်ပွဲ

နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင်မီဒီယာများကြား မမျှတသည့်ပြိုင်ပွဲမှာ ဦးသီဟစောအပါအဝင် လူအများအပြားအတွက် မချင့်မရဲ ဖြစ်စရာ ကိစ္စတစ်ခုဖြစ်လျှက်ရှိသည်။ ဦးသီဟစောသည် နိုင်ငံပိုင် လုပ်သားပြည် သူ့နေ့စဉ်သတင်းစာတွင် ၉ နှစ်ကြာလုပ် ကိုင်ခဲ့ပြီး ၁၉၈၈ တွင် ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးခံခဲ့ရသူဖြစ်သည်။ ထိုကဲ့သို့ရာထူးမှနှုတ်ထွက်ရပြီး ၁၅ နှစ်အကြာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာ Myanmar Freedom Daily ကို ထုတ်ဝေခဲ့သော်လည်း ကြေညာဝင်ငွေမရရှိမှုကြောင့် ၇ လသာ ရပ်တည်နိုင်ခဲ့ကြောင်း ဦးသီဟစောက ပြောကြားသည်။ ထိုကဲ့သို့ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရသည်မှာ ဦးသီဟစောတစ်ဦးတည်းမဟုတ်ဘဲ စတင်ထုတ်ဝေပြီး အချိန်တိုအတွင်း ရပ်ဆိုင်းလိုက်ရသည့် အခြားပုဂ္ဂလိကသတင်းစာများလည်း အများအပြားရှိခဲ့ကာ လက်ရှိရပ် တည်နေသော သတင်းစာများမှာလည်း ဆက်လက်ရှင်သန်ရန်  ခက်ခက်ခဲခဲရုံးကန်ရလျှက်ရှိသည်။

လက်တလောတွင် မီဒီယာလုပ်ငန်းများ အရှုံးနှင့်လည်ပတ်နေရသည်မှာ အလွန်စိုးရိမ်စရာကောင်းသည့်ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့် မီဒီယာလုပ်ငန်းများကိုထောက်ပံ့လိုသည်ဆိုလျှင် လက်ရှိအခွန်စည်းမျဉ်းများနှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုလုပ်ဆောင်ရန် နှင့် အခြားမက်လုံးများဖန်တီးပေးနိုင်ရန်လိုအပ်ကြောင်း မစ္စတာချိုင်းက ပြောကြားသည်။

သို့သော်မစ္စတာဆွာဆင်ကမူ IMS နှင့် ယူနက်စကိုတို့ပူးတွဲ လေ့လာကောက်ယူသည့်စစ်တမ်းတစ်ရပ်ကို ကိုးကားပြီး မြန်မာနိုင်ငံ၏ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာ နှစ်ခုလုံးတွင် အားနည်းချက်များကိုယ်စီရှိနေကြောင်း ထောက်ပြပြောဆို ခဲ့သည်။

နိုင်ငံပိုင်မီဒီယာများသည် ပြည်သူများ၏ အခြေအနေမှန်ကို ထုတ်ဖော်တင်ပြခြင်းမရှိဘဲ အစိုးရ၏ ကောင်းမွန်သည့်ဘက် ခြမ်းကိုသာ တင်ပြလေ့ရှိပြီး ပုဂ္ဂလိကမီဒီယာများမှာမူ ရံဖန်ရံခါတွင် စောင်ရေတက်ရန်နှင့် အမြတ်များများရရန် ဦးတည်လုပ်ဆောင်ခြင်းမျိုးများရှိနေသည်ကိုတွေ့ရကြောင်း မစ္စတာဆွာဆင်က ပြောကြားခဲ့သည်။

အကယ်၍ ဘဏ္ဍာရေးပိုင်းအရဖိအားများလျော့ကျခဲ့လျှင်လည်း ပုဂ္ဂလိကမီဒီယာများ၏ ထိုလုပ်ဆောင်ပုံများမှာ ပြောင်းလဲသွားဖွယ်မရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သေးသည်။

ဥပဒေပိုင်း ပြုပြင်ပြောင်းလဲရန် တိုက်တွန်း

ဆွေးနွေးပွဲသို့တက်ရောက်လာသူအားလုံး ဝေဖန်ဆွေးနွေးခဲ့သည့် နောက်ထပ်အကြောင်းအရာတစ်ရပ်မှာ မီဒီယာလောက ပိုမိုလွတ်လပ်မျှတလာစေရေးအတွက် ဥပဒေပိုင်း ပြုပြင်ပြောင်းလဲမှု များလုပ်ဆောင်ရန် လိုအပ်မှုဖြစ်သည်။

သတင်းစာဆရာဟောင်းတစ်ဦးဖြစ်သူ ဆွီဒင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး စတက်ဖန်ဟာရက်စထရုမ်းက အချိန်တို အတွင်း စာနယ်ဇင်းလွတ်လပ်ခွင့် ရှိလာအောင် လျှောက်လှမ်းခဲ့ခြင်းနှင့်ပတ်သတ်ပြီး ချီးကျူးစကားပြောကြားခဲ့ကာ မီဒီယာလွတ်လပ်ခွင့်ရှိရန် ဥပဒေကြောင်းအရအကာအကွယ်များရှိသင့်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ဆင်ဆာလုပ်ငန်းပုံစံ အားလုံးကို ရပ်ဆိုင်းပစ်သင့်ကြောင့် အဓိက ထားပြောဆိုသွားခဲ့သည်။

ထို့အတူ အခြားအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း မီဒီယာလွတ်လပ်ခွင့်မှန်မှန်ကန်ကန်ရရှိရေးအတွက် ဥပဒေများ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်းကို ပါဝင်ဆွေးနွေးခဲ့ကြ သည်။

ဒေသတွင်းအခြားနိုင်ငံများနှင့် နှိုင်းယှဉ်

သို့ရာတွင် မြန်မာနိုင်ငံမှာ ဒေသတွင်းအခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မီဒီယာလွတ်လပ်ခွင့်များစွာပိုမိုရရှိနေပြီဖြစ်ကြောင်း မစ္စတာချိုင်းက ပြန်လှန်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအပေါ်အချို့ဝေဖန်အကဲဖြတ်မှုများမှာ အလျှင်စလိုဖြစ်နေတတ်ပြီး မလေးရှားနှင့် စင်္ကာပူတို့ကဲ့သို့သော ဒေသတွင်းအခြားနိုင်ငံများတွင် မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေခြင်းနှင့် ယှဉ်လျှင် မြန်မာနိုင်ငံသည် ဒေသတွင်း၌ မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သတ်ပြီး စံနမူနာနိုင်ငံတစ်ခုပင် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မစ္စတာချိုင်းက ပြောကြားသည်။

သို့သော် ဧရာဝတီသတင်းဌာနမှ ဦးကျော်စွာမိုးကမူ နေ့ချင်း၊ညချင်း ပြောင်းလဲရန်မလွယ်သည်ကိုလက်ခံသော်လည်း မြန်မာနိုင်ငံ၏ ရှေးကျပြီးခေတ်စနစ်နှင့် မလျော်ညီသော ဥပဒေများက အခြားအရာများ ထက်ပိုပြီး မီဒီယာများကို အသံမထွက်နိုင်အောင် ပိတ်ဆို့လျှက်ရှိကြောင်း ထောက်ပြပြောဆိုခဲ့သည်။

NLD အာဏာရလာပြီးသည့်နောက်မှာပင် အခြေခံဥပဒေကိုပြင်ဆင်ရန် အခက်အခဲများရှိနေသဖြင့် မီဒီယာဥပဒေများကို ပြင်ဆင်နိုင်ရန်မှာလည်း စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း ဦးကျော်စွာမိုးက ပြောကြားသည်။

ဦးသီဟစောကမူ ပြင်ဆင်ရမည့်ဥပဒေများမှာ ရာနှင့်ချီနေပြီး ထိုကဲ့သို့ပြင်ဆင်ရန် အချိန်လည်းများစွာယူရမည်ဖြစ်သဖြင့် အစိုးရသစ်အနေဖြင့် ဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းတို့ထက် တရားစီရင်ရေးပိုင်းကိုသာ အရင်ဆုံး အာရုံစိုက်သင့်ကြောင်း အကြံပြုပြောကြားသည်။

ထိုကဲ့သို့ ယခင်အစိုးရလက်ထက်ကထက် တရားစီရင်ရေးပိုင်းတွင်ပိုမို၍မှန်ကန်မှုများရှိလာစေရေး ဦးစားပေးလုပ်ဆောင် ခြင်းဖြင့် NLD အစိုးရအနေဖြင့် လုပ်ရကိုင်ရများစွာလွယ်ကူသွားလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ဦးသီဟစောက ပြောကြားခဲ့သည်။

( Moving Myanmar’s media industry forward by Jessica Mudditt ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly