ဘာကြောင့် ဦးမြင့်ဆွေကို ဒုသမ္မတ တင်တာလဲ။ ဘာဖြစ်လာနိုင်သလဲ

ဘာကြောင့် ဦးမြင့်ဆွေကို ဒုသမ္မတ တင်တာလဲ။ ဘာဖြစ်လာနိုင်သလဲ

အင်န်အယ်လ်ဒီ ဘက်က ဒုသမ္မတ နှစ်ယောက်အတွက် နာမည်စာရင်းတင်တဲ့အခါ ဘယ်သူမှ ထင်မှတ်မထားတဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ ပါဝင်လာပါတယ်။ အလားတူပါပဲ။ တပ်မတော် သားတွေ တင်မယ့် ဒုသမ္မတ နေရာအတွက် လက်ရှိတပ်မတော်က ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေ တို့ နာမည်တွေ ထွက်ခဲ့ပေမယ့် တကယ့်တကယ် လက်တွေ့မှာတော့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို တင်မြှောက်လိုက်ပါတယ်။ သက်တော်ရှည် ခေါင်းဆောင် ဦးမြင့်ဆွေကို ဒုသမ္မတ တင်မြှောက်လိမ့်မယ်လို့ ဘယ်သူမှ မှန်းမထားတော့ လွဲခဲ့ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော် အစုအဖွဲ့ဘက်က ဘာကြောင့် ဦးမြင့်ဆွေကို ဒုသမ္မတ ခန့်အပ်ရတာလဲ၊ ဦးမြင့်ဆွေကို ခန့်အပ်လိုက်တာဟာ ဘာအဓိပ္ပါယ်ဆောင်သလဲ ဆိုတာ ဒီကနေ့ လေ့လာစူးစမ်းကြည့်ကြရအောင်။

လက်ရှိ ကြုံနေကြရတဲ့ အစိုးရ အပြောင်းအလဲ ဆိုတာ တကယ့် သမိုင်းဝင် အပြောင်းအလဲကြီးပါ။ ပြည်သူလူထု က ရွေးကောက်တင်မြှောက်လိုက်သူတွေက ရွေးချယ်ပေးလိုက်တဲ့ သမ္မတဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရဲချုပ်တွေကို ခန့်အပ်လို့မရ၊ ဖြုတ်ပယ်လို့ မရပေမယ့် ကျန် တိုင်းပြည်ရဲ့ အရေးအရာ အားလုံးကို စီမံခန့်ခွဲပိုင်ခွင့် ရှိမယ့် အနေအထားပါ။ အဲဒီမှာ စီးပွားရေးဆိုင်ရာ၊ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ အားလုံးနီးပါး ပါဝင်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၅၀ ကျော် ကျရောက်ခဲ့ရပါတယ်။ အဲဒီ နှစ်ပေါင်း ၅၀ ကျော်ကာလ အတွင်းမှာ စစ်အာဏာရှင်တွေ၊ အုပ်ချုပ်သူ စစ်ဗိုလ်ချုပ် လူတန်းစားတွေ၊ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေဟာ အခွင့်ထူးအမျိုးမျိုး ရယူဖန်တီးပြီး ကြွယ်၀ ချမ်းသာအောင် လုပ်ခဲ့ကြပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ ရယူတာ အစ၊ အစိုးရပိုင် အဆောက်အဦ မြေယာ၊ လုပ်ငန်းတွေကို ဈေးပေါပေါနဲ့ အလကားနီးပါး ရယူတာ အလယ်၊ ပြည်သူလူထု ပိုင်ဆိုင်တဲ့ လယ်၊ယာ၊ မြေတွေကို အားဓမ္မ သိမ်းယူတာ အဆုံး နည်းပေါင်းစုံနဲ့ လုပ်ကိုင်ပြီး ချမ်းသာကြွယ်ဝမှုကို အရယူခဲ့ကြတာပါ။ အဲဒီလို ရယူထားခဲ့ကြလို့လည်း နှစ်ပေါင်း၅၀ ကျော်ကာလ အတွင်း စစ်အာဏာရှင်တွေ၊ စစ်အရာရှိတွေ၊ သူတို့ မိသားစုတွေ၊ သူတို့နဲ့ နီးစပ်သူတွေဟာ အလွန်ချမ်းသာကြွယ်၀ လာကြပြီး ပိုင်ဆိုင်မှုတွေကလည်း လက်ညှိုးထိုး မလွဲအောင်ပါပဲ။ ပြောရရင် ရာစုနှစ်တစ်ဝက်အတွင်း ပြည်သူတွေပိုင်တဲ့၊ တစ်နည်းအားဖြင့် တိုင်းပြည်က ပိုင်တာတွေကို ခွဲဝေရယူရင်း နိုင်ငံအနှံ့ ကိုယ်ကျိုးစီးပွားတွေ ပိုင်ဆိုင်ထားကြတာပါ။ အဲလို ပိုင်ဆိုင်ပြီးတာ၊ ပိုင်ဆိုင်ဖို့ ကြိုးစားတာတွေဟာ ဒီကနေ့ အချိန်ထိ ရပ်တန့် မသွားသေးပါဘူး။

အခု မမျှော်လင့်ပါပဲ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်သွားတဲ့အခါ အစိုးရတာဝန် လွဲှပေးရတော့မှာဖြစ်သလို၊ သူတို့ ပိုင်ဆိုင်ထားသမျှ ဥစ္စာဓန၊ လုပ်ငန်းကိုင်ငန်း တွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို စီမံခန့်ခွဲ ခွင့်ပေးရတော့မှာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အဲလို အခြေအနေမျိုး အိပ်မက်တောင် မက်ဖူးကြတာ မဟုတ်ပါဘူး။ ဘယ်လိုဖြစ်ဖြစ် ဒီကနေ့ အဲလို အခြေအနေမျိုး ရင်ဆိုင် ကြရပါတော့မယ်။ ဒီအခါ အဲဒီ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကို ဘယ်သူက ဘယ်နည်းဘယ်ပုံ အကာအကွယ်ပေးနိုင်မလဲ ဆိုတဲ့ မေးခွန်း ပေါ်လာမှာ ဖြစ်ပါတယ်။

နဂိုတုန်းကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က ရှမ်း၊ ကချင်၊ ရခိုင်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တာဝန်တွေကို တပ်မတော်ဘက်က ထမ်းဆောင်လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ ကမ်းလှမ်းချက် အဆင်ပြေပုံ မရပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ကတော့ တပ်မတော်က ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်တာတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အ၀ စီမံခန့်ခွဲနိုင်သေးပေမယ့် အခြားအခြားသော ၊ အလွန်များပြားလှတဲ့ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကိုတော့ စီမံခန့်ခွဲပိုင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် အဲဒီ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကို အထိုက်အလျောက် ကာကွယ်၊ စကားပြော နိုင်တာဟာ ဒုသမ္မ တစ်နေရာပဲ ရှိပါတော့တယ်။ အဲဒီ တပ်မတော်က ခန့်အပ်မယ့် ဒုသမ္မတ ဟာ အဲဒီ တာဝန်ကို အဓိက ယူရဖို့ ရှိနေပါတယ်။

ဒီအတွက် လတ်တလော တပ်မတော်က ပူပူနွေးနွေး အငြိမ်းစားရယူထားသူ စစ်ဗိုလ်ချုပ်ဟောင်းတွေ အနေနဲ့ကတော့ အဲဒီ များပြားလှတဲ့ အကျိုးစီးပွား ကိစ္စတွေကို ထဲထဲဝင်ဝင် သိနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် အဲဒါတွေကို ထဲထဲဝင်ဝင် သိသူ၊ ပတ်သက်ခဲ့သူ၊ ပတ်သက်နေသူ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကို ဒုသမ္မတ ခန့်ဖို့ပါပဲ။ ဦးမြင့်ဆွေဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက အဆင့်မြင့် တာဝန်တွေ၊ အရေးကြီးတာဝန်တွေ ထမ်းဆောင်ခဲ့သူ တစ်ယောက်ပါ။ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေမှာ ဒီနေ့ထက်တိုင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေခဲ့သူ တစ်ယောက်ပါ။ ဒါကြောင့် ဒီနေရာမှာ သူ့ကို ဒုသမ္မတ အဖြစ် ခန့်အပ်ရတာလို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလို ခန့်အပ်လိုက်နိုင်ခြင်းအားဖြင့် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်နက်ကိုင် တပ်ပေါင်းစုရဲ့ ခေါင်းဆောင် အဖြစ်သာမက များပြားလှတဲ့ ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အရာရှိဟောင်းတွေရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တယ်ဆိုတာ ပေါ်လွင်သွားစေပါတယ်။

မကောင်းတာ တစ်ခုကတော့ ဦးမြင့်ဆွေကို ပြည်သူတွေက ကောင်းကောင်း သိနေတာပါ။ အရင် စစ်အာဏာရှင်ခေတ်က တစ်သွေးတစ်သံ တစ်မိန့်ကြောင့် ခိုင်းတာ လုပ်ခဲ့ရတယ်လို့ ပြောကောင်း ပြောနိုင်ပေမယ့် လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသက်တန်း ငါးနှစ်တာကာလ ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်ကတော့ အတော်ပဲ စိတ်ပျက်စရာ ကောင်းပါတယ်။ အများပြည်သူ ဆန္ဒကို မျက်နှာပြောင်တိုက်ပြီး ကိုယ်ကျိုးစီးပွားဆိုင်ရာ စီမံကိန်းတွေကို ဗြောင်ကျကျ လုပ်ကိုင်သူအဖြစ်လဲ မြင်ထားကြပါတယ်။ ပြောရရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ပြည်သူတွေ မကြိုက် မနှစ်သက်တဲ့ စစ်ခေါင်းဆောင်ဟောင်း တစ်ယောက်ကို ဒုသမ္မတ တင်လိုက်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီရော၊ တပ်မတော်ပါ ပြည်သူတွေရဲ့ ငြိုငြင်ခံရမယ့်အရေး ရှိနေပါတယ်။

ခေတ်ဟာ စပြောင်းနေပါပြီ။ လက်နက်အာဏာရှိသူတွေက တိုင်းပြည်ကို အတင်းအကြပ် အုပ်ချုပ်တဲ့ဆီကနေ ပြည်သူလူထုက မဲပေးရွေးချယ်လိုက်သူတွေက အုပ်ချုပ်တဲ့ခေတ်ဘက်ကို သွားစ ပြုနေပါပြီ။ ဒီလို အခြေအနေမျိုးမှာ တပ်မတော်ဖြစ်စေ၊ ပြည်ခိုင်ဖြိုးဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်တယ် ဆိုရုံနဲ့ ပြည်သူတွေ မကြိုက်မနှစ်သက်တာမျိုး လုပ်ဖို့ မသင့်ပါဘူး။ အဲလို လုပ်ခဲ့ရင် နောင် ၅ နှစ် ပြုလုပ်မယ့် ရွေးကောက်ပွဲလိုမျိုးမှာ ပြည်သူလူထုရဲ့ ဒါဏ်ခတ်တာကို ထပ်ပြီး ခံရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly