မန်ချက်စတာယူနိုက်တက်ကို အနိုင်ရလို့ အောင်ပွဲခံအပြီး ယူဂန်ဒါမှာ အာဆင်နယ် ပရိသတ်တွေ ဖမ်းဆီးခံခဲ့ရ

မန်ချက်စတာယူနိုက်တက်ကို အနိုင်ရလို့ အောင်ပွဲခံအပြီး ယူဂန်ဒါမှာ အာဆင်နယ် ပရိသတ်တွေ ဖမ်းဆီးခံခဲ့ရ

အင်္ဂလန်ပရီမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို အာဆင်နယ်အသင်း အနိုင်ရလို့ အောင်ပွဲခံခဲ့တဲ့ ယူဂန်ဒါနိုင်ငံ၊ ဂျင်းဂျာမြို့က အာဆင်နယ်ပရိသတ် ရှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ပရိသတ်တွေဟာ ကလပ်အသင်းရဲ့ အနီရောင်ဂျာစီကို ဝတ်ဆင်ကာ ရှုံးပွဲမရှိ အမှတ်ပေး ရွှေဖလားပုံစံတုကို ကိုင်ဆောင်ပြီး မြို့တွင်း ကားနဲ့ လည့်ပတ်ခဲ့ကြတာပါ။

ပြည်သူ့အမိန့်စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်တဲ့ စီတန်းလှည့်လည်လုပ်ဆောင်ဖို့ ခွင့်ပြုချက်အမိန့် သူတို့မှာ မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က ပြင်းထန်ပြိုင်ဖက်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်က ၃-၂ နဲ့ အနိုင်ရဖို့ နောက်ဆုံးမိနစ်မှာ အံ့အားသင့်ဖွယ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ဂန်းနားတို့ဟာ အမှတ်ပေးဇယားထိပ်မှာ (၅)မှတ်အသာရစေခဲ့ပြီး ကလပ်အသင်းဟာ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးဖို့ ၁၉ နှစ်ကြာစောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်နိုင်မယ်လို့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို မျှော်လင့်ချက်ပေးထားပါတယ်။

ကားငါးစီးနဲ့ အာဆင်နယ်ပရိသတ်တွေ လိုက်ပါသွားလာနေတဲ့ ယာဉ်တန်းကို ရဲတွေက တနင်္လာနေ့မနက်မှာ ကြားဖြတ်ဖမ်းဆီးခဲ့တာပါ။ သူတို့ဟာ ဒေသတွင်းစတိုးဆိုင်မှာ ဝယ်ထားတဲ့ ဆုဖလားကို သူတို့ထဲက တစ်ယောက်က ကိုင်ဆောင်ထားခဲ့ပါတယ်။

"ကျနော်တို့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျနော် မသိပေမယ့် ကျနော်တို့တွေက ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို အနိုင်ရလို့ ရိုးရိုးလေး အောင်ပွဲခံနေတာပါ"လို့ အာဆင်နယ်ပရိသတ် ဘေကာ ကာဆူလေက ဒေသတွင်း Daily Monitor သတင်းဝက်ဘ်ဆိုက်မှ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

ဒေသတွင်း ရဲတပ်ဖွဲ့ အရာရှိတစ်ဦးဖြစ်သလို ကိုယ့်ကိုကိုယ် အာဆင်နယ်ပရိသတ်ဖြစ်ကြောင်း ကြေညာထားတဲ့ ဂျိမ်းစ် မူဘီက သူအနေနဲ့ ပရိသတ်တွေရဲ့ စွဲချက်တွေကို မသုံးသပ်သေးရသေးပေမယ့် ရာသီရဲ့ တစ်ဝက်လောက်သာ ကစားပြီးတဲ့ အချိန်မှာ သူတို့တွေ ဘာကြောင့် အောင်ပွဲခံနေလဲဆိုတာ အံ့သြမိတယ်လို့ BBC ကို ပြောခဲ့ပါတယ်။

"ပြိုင်ဘက်ပရိသတ်တွေနဲ့ ရန်ဖြစ်မှုဖြစ်ခဲ့ရင် ဘာတွေဖြစ်လာမလဲ။ သူတို့ရဲ့ စီတန်းလှည့်လည်ခွင့်အတွက် လုံခြုံရေးပေးဖို့ ရဲကို သူတို့ အကြောင်းကြားတာ မလုပ်ခဲ့ဘူး"လို့ မစ္စတာ မူဘီက ပြောကြားပြီး ဖမ်းဆီးမှုဟာ အနီရောင်ဝတ် အတိုက်အခံ ပါတီဝင်တွေကို မကြာခဏ ဖမ်းဆီးခြင်းနဲ့ ဆက်နွှယ်တယ်လို့ ကောက်ချက်ချမှုကို ပယ်ချခဲ့ပါတယ်။

နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ဟန့်တားဖို့ အသုံးပြုခဲ့တဲ့ ပြည်သူ့အမိန့်စီမံခန့်ခွဲမှုဥပဒေက ရဲတွေကို လိုသလို လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံထားတဲ့ လွတ်လပ်စွာ သင်းဖွဲ့ခွင့်နဲ့ စုဝေးခွင့်ကို တင်းကြပ်ဖို့ သူတို့ကို အတားအဆီးမရှိ လုပ်ပိုင်ခွင့်တွေပေးထားတဲ့ ပြင်းထန်းလွန်းတဲ့ ပြဌာန်းချက်အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပျက်ပြယ်စေပြီးတဲ့တိုင် ယူဂန်ဒါရဲတွေက လုပ်ပိုင်ခွင့်အာဏာကို လက်ကိုင်ထားဆဲဖြစ်တယ်လို့ ရှေ့နေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အဂါတာ အာတူဟယ်က BBC ကို ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ယူတို့ဟာ ယူဂန်ဒါနဲ့  အာဖရိကတစ်ဝှမ်းမှာ အားပေးမှု အများအပြား ရရှိထားပါတယ်။ သူတို့နှစ်သင်း ကစားတဲ့ချိန် ယူဂန်ဒါက ယာယီဗီဒီယိုခန်းမတွေမှာ အမြဲလို ပရိသတ်တွေ ပြည့်နှက်နေပြီး ဒေသတွင်းမှာ အလွန်ပေါ်ပြူလာဖြစ်တဲ့ အသင်းတွေလည်းဖြစ်ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required