အာဖဂန်နစ္စတန်တွင် ကျောင်းများပိတ်ထားမှုကြောင့် စာအုပ်တင်သွင်းရောင်းချမှုများ ကျဆင်း 

By ANI 
24 January 2023
အာဖဂန်နစ္စတန်တွင် ကျောင်းများပိတ်ထားမှုကြောင့် စာအုပ်တင်သွင်းရောင်းချမှုများ ကျဆင်း 

တာလီဘန်အစိုးရလက်ထက်၌ အမျိုးသမီးများနှင့် မိန်းကလေးများအား ကျောင်းနှင့် တက္ကသိုလ်တက်ခွင့် ပိတ်ထားချိန်တွင်  ကဘူးလ်မြို့၌ စာအုပ်တင်သွင်းမှုနှင့်ရောင်းချမှုများ သိသိသာသာ  လျော့နည်းလာကြောင်း ထုတ်ဝေသူများနှင့် စာအုပ်ရောင်းချသူများက ဇန်နဝါရီလ ၁၆ ရက်တွင် ပြောသည်။ 

စျေးကွက်မရှိခြင်းကြောင့် ပြည်ပမှ စာအုပ်များ တင်သွင်းခြင်းကို ရပ်ဆိုင်းလိုက်ကြောင်းနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ရာနှင့်ချီသော စာအုပ်များသည် လပေါင်းများစွာကြာသည့်တိုင် မရောင်းရကြောင်း ထုတ်ဝေသူများနှင့် စာအုပ်ရောင်းချသူများက ပြောသည်ဟု Tolo News တွင် ဖော်ပြခဲ့သည်။
ရောင်းအားကျဆင်းသွားတာကြောင့် စာအုပ်များ မတင်သွင်းခဲ့သည်မှာ ၂ နှစ်ရှိပြီဖြစ်ကြောင်း စာအုပ်ရောင်းချသူ အကီးလ်နိုရီက ဆိုသည်။
အခြားစာအုပ်ရောင်းချသူ အာမက်ဒ်ဇိုင်က ဖောက်သည် ၈၀ ရာခိုင်နှုန်းမှာ မိန်းကလေးများဖြစ်ကြပြီး ၎င်းတို့၏ ကျောင်းများနှင့် တက္ကသိုလ်များများမှာ ပိတ်သွားပြီဖြစ်ကြောင်း ပြောသည်။ 

"ရောင်းအားမရှိလို့ စာအုပ်တွေ မတင်သွင်းဖြစ်တာ ၂ နှစ်နီးပါးရှိပြီ။ စျေးကွက် တအားကျဆင်းနေတာ စိတ်မကောင်းဖြစ်မိတယ်" ဟု စာအုပ်ရောင်းချသူ အကီးလ်နိုရီကို ကိုးကား၍ TOLO News သတင်းတွင် ဖော်ပြထားသည်။
အီရန်နှင့် ပါကစ္စတန်မှ ၆ လတစ်ကြိမ် စာအုပ်ပေါင်း ၁ သိန်းကျော် တင်သွင်းလေ့ရှိခဲ့သော်လည်း ယခုအခါ တစ်အုပ်မှ မတင်သွင်းနိုင်တော့ကြောင်း ထုတ်ဝေသူများနှင့် စာအုပ်ရောင်းချသူများက ပြောသည်။
အာဖဂန်နစ္စတန်၌ အမျိုးသမီးများ အဆင့်မြင့်ပညာသင်ယူခွင့် ရပ်ဆိုင်းရန် တာလီဘန်အစိုးရက ဒီဇင်ဘာလတွင် အမိန့်ထုတ်ခဲ့သည်။

အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ပညာရေးဆိုင်ရာအဖွဲ့အစည်းများ ပိတ်သိမ်းချိန်မှစ၍ စာအုပ်ရောင်းအားကျဆင်းသွားကြောင်း ကဘူးလ်စာအုပ်ထုတ်ဝေသူများသမဂ္ဂက အတည်ပြုခဲ့ကြောင်း TOLO News တွင် ဖော်ပြထားသည်။ 
“အရင်နှစ်တွေနဲ့စာရင် ရောင်းအားက သိသိသာသာ ကျဆင်းသွားတယ်။ အဓိက အကြောင်းရင်းက မိန်းကလေးတွေအတွက် ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်ထားလို့ပါ" ဟု ဂျိုင်း-အီ-ရှားရ် စာအုပ်ရောင်းချသူနှင့်ထုတ်ဝေသူများသမဂ္ဂ ဥက္ကဋ္ဌ မိုဟာမက် အက္ကဘာ အဇီမီက ပြောသည်။

မဖြစ်မနေသုံးရမည့် အသုံးစရိတ်များ မြင့်တက်လာပြီး တိုင်းပြည်၏ စီးပွားရေး ကျဆင်းနေသဖြင့် ကျောင်းသားများသည် စာအုပ်များ မဝယ်နိုင်ကြတော့ကြောင်း ကျောင်းသားတစ်ဦးဖြစ်သူ ရူဟိုလာက ပြောကြားခဲ့သည်။
"နိုင်ငံသားတွေရဲ့ငွေကြေးအခြေအနေက ကျဆင်းနေပါတယ်။ ကျောင်းသားတွေ စာအုပ်ဝယ်ဖို့တောင် မတတ်နိုင်တော့တဲ့အဆင့်ကို ရောက်နေပါပြီ" ဟု ရူဟိုလာက ဆိုသည်။
“ပိုက်ဆံကနည်းတော့ အာဖဂန်ငွေ ၁၀၀ တန်စာအုပ်တောင် ဝယ်ဖို့ ခက်ခဲနေတယ်” ဟု အခြားကျောင်းသား မိုဟာမက်ကာဒီယာက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly