ကဘူးလ်မြို့ရှိ တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနအနီး တိုက်ခိုက်မှုကို တရုတ် ရှုတ်ချ

By ANI 
21 January 2023
ကဘူးလ်မြို့ရှိ တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနအနီး တိုက်ခိုက်မှုကို တရုတ် ရှုတ်ချ

အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနအပြင်ဘက်တွင် ဇန်နဝါရီလ ၁၁ ရက်က လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရစေခဲ့သည့် တိုက်ခိုက်မှုကို တရုတ်က ရှုတ်ချလိုက်သည်။ 
တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ဇန်နဝါရီလ ၁၂ ရက်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထိုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုအားလုံးကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ကဘူးလ်မြို့ရှိ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်တွင် ဇန်နဝါရီလ ၁၁ ရက်က ဗုံးဖြင့်တိုက်ခိုက် ခံရမှုအပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဝမ်ဝေဘင်းက "သက်ဆိုင်ရာ အစီရင်ခံစာတွေကို ကျွန်တော်တို့ ရရှိပါတယ်။ အကြမ်းဖက်ဝါဒရဲ့ လုပ်ရပ်အားလုံးကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။
“ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်၊ သေဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း စာနာပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအကြမ်းဖက်တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသားများ အသေအပျောက်မရှိကြောင်း တရုတ်ပြောရေးဆို ခွင့်ရှိသူက ပြောသည်။
ဝန်ကြီးဌာနအနီးတွင် နေထိုင်သော အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းက ပေါက်ကွဲမှုကို ရှုတ်ချခဲ့ပြီး ထိုတိုက်ခိုက်မှုသည် အကြမ်းလုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်သလို လူသားနှင့် အစ္စလာမ္မစ်တန်ဖိုးအားလုံးကို ဆန့်ကျင်သည့် လုပ်ရပ်ဟု ဝေဖန်ခဲ့သည်။
ကုလသမဂ္ဂကလည်း ယင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။
အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင် (UNAMA) က ထိခိုက်နစ်နာခဲ့ရသော မိသားစုများ အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး အကြမ်းဖက်မှုသည် အာဖဂန်နစ္စတန်အတွက် ထာဝရငြိမ်းချမ်းရေးကို မဆောင်ကြဉ်းပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Emergency NGO က ဒဏ်ရာရရှိသူ ၄၀ ကျော်ကို ကဘူးလ်မြို့ရှိ ခွဲစိတ်ခန်းသို့ ပို့ဆောင်ခဲ့သည်။ အာဖဂန်နစ္စတန်ရှိ အရေးပေါ်ဌာနဒါရိုက်တာ ဆိုဇာက အခြေအနေများ ဆိုးရွားလာသည်နှင့်အမျှ အသေအပျောက်ဦးရေတိုးလာနေကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly