အာဖဂန်အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖြေရှင်းရာတွင် လုံခြုံရေးကောင်စီ စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း ကုလကိုယ်စားလှယ်ပြော

By Devdiscourse
21 January 2023
အာဖဂန်အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖြေရှင်းရာတွင် လုံခြုံရေးကောင်စီ စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း ကုလကိုယ်စားလှယ်ပြော

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းကိုယ်စားလှယ်က အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးကို ချိုးဖောက်သည့် တာလီဘန်တို့၏ မူဝါဒများအပေါ် ညီညွတ်စွာ တုံ့ပြန်ရန် တောင်းဆိုလိုက်သည်။ 
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် ရိုဇာအိုတွန်ဘာယေးဗာသည် လုံခြုံရေးကောင်စီ၏ ဇန်နဝါရီလ ၁၃ ရက်က သီးသန့်အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ကြောင်း UN News က ဖော်ပြခဲ့သည်။ အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ဖိနှိပ်သည့် မူဝါဒများကို ဆန့်ကျင် ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စည်းလုံးညီညွတ်ရမည်ဟု အိုတွန်ဘာယေးဗာက ပြောကြားခဲ့သည်။
အရေးပေါ်အကူအညီလိုအပ်နေသော အာဖဂန်နိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ချက်ချင်း ပေးအပ်ခြင်းအပါအဝင် တာလီဘန်များ၏ ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး များနှင့်ပတ်သက်ပြီး အထူးကိုယ်စားလှယ်က အလေးထား ပြောကြားခဲ့သည်။
“တာလီဘန်တွေရဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းရာမှာ လုံခြုံရေးကောင်စီအနေနဲ့ စည်းလုံးညီညွတ်ဖို့ လိုကြောင်း သူမက အလေးပေးပြောကြားခဲ့ပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ်က ဇန်နဝါရီလ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
မိန်းကလေးများ အထက်တန်းကျောင်းတက်ခြင်းကို တားမြစ်ခြင်း၊ အမျိုးသမီးများ တက္ကသိုလ်တက်ခြင်းကို တားမြစ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်များကို လုပ်ကိုင်ခြင်းမှ တားမြစ်ခြင်း အပါအဝင် တာလီဘန်များ၏ ဆုံးဖြတ်ချက်များသည် အခြေခံအခွင့်အရေးများကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရိုဇာအိုတွန်ဘာယေးဗာက သံတမန်များအား သီးသန့်အစည်းအဝေးတွင် ထပ်လောင်းပြောကြားခဲ့သည်။
တာလီဘန်တို့သည် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် ၎င်းတို့၏ ဘာသာရေးအခြေခံ အုပ်ချုပ်မှုအောက်တွင် နိုင်ငံအတွင်း အမျိုးသမီးများ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ပေးထားသည့် ကတိများနှင့် ဆန့်ကျင်ဘက်ဆောင်ရွက်ခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ 
အထူးကိုယ်စားလှယ်က အရေးပေါ်အကူအညီလိုအပ်နေသေ အာဖဂန်နိုင်ငံသားများကို လူသားချင်း စာနာထောက်ထားမှုအကူအညီများ ချက်ချင်း ပေးအပ်ခြင်းအပါအဝင် တာလီဘန်များ၏ ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့်ပတ်သက်ပြီး ပြောကြားခဲ့ကြောင်း ဟု ဒူဂျာရစ်က ပြောကြားခဲ့သည်။ 
တာလီဘန်တို့က ပြီးခဲ့သောလတွင် အမျိုးသမီးများအား အစိုးရမဟုတ်သောအဖွဲ့အစည်းများ သို့မဟုတ် အခြားအကူအညီပေးရေးကဏ္ဍများတွင် အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် အင်န်ဂျီအိုအများအပြားသည် မရှိမဖြစ်လိုအပ်သောအကူအညီများပေးအပ်သည့် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး ဒေသခံအမျိုးသမီးများ ပါဝင်ခြင်းမရှိလျှင် အကူအညီများကို ဖြန့်ဝေရန်နှင့် လုပ်ငန်းများ လည်ပတ်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
 အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ဖိနှိပ်မှုအားလုံးကို ချက်ချင်းရုပ်သိမ်းရန်နှင့် လုံခြုံရေးကောင်စီသို့ ပေးထားသည့် ကတိကဝတ်များကို လိုက်နာရန် တာလီဘန်များအား နိုင်ငံအများအပြားက တိုက်တွန်းထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly