ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန်တွင် တရုတ်မီးသဂြိုဟ်စက်များ၌  လူများ ပြည့်ကျပ်နေပုံကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့မြင်ရ 

ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန်တွင် တရုတ်မီးသဂြိုဟ်စက်များ၌  လူများ ပြည့်ကျပ်နေပုံကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့မြင်ရ 

တရုတ်အစိုးရက တင်းကျပ်သော ကပ်ရောဂါကန့်သတ်ချက်များကို ရုပ်သိမ်းပြီးနောက် ရောဂါဖြစ်ပွားမှုများ မြင့်တက်နေချိန်၌ မြို့ကြီးအများအပြားရှိ မီးသင်္ဂြိုဟ်စက်များနှင့် ဈာပနခန်းမများတွင် လူများ ပြည့်ကျပ်လျက်ရှိကြောင်း ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသည်ဟု Washington Post က ဖော်ပြလိုက်သည်။
ချန်ဒူမြို့ရှိ နာရေးခန်းမတစ်ခုတွင် အောက်မေ့ဖွယ်အခမ်းအနားများပြုလုပ်ခြင်းကို ရပ်ထားပြီး သွားလေသူအား မီးသင်္ဂြိဟ်ခြင်းမပြုမီ နှုတ်ဆက်ရန် မိသားစုဝင်များကို ၂ မိနစ်ခန့်သာ အချိန်ပေးခဲ့သည်။
ရှန်ဟိုင်းမြို့တွင် မှောင်ခိုသမားများက မီးသင်္ဂြိုဟ်မှုကို ကြည့်ချင်သည့် ကျန်ရစ်သူဆွေမျိုးများကို ဒေါ်လာ ၃၀၀ ဖြင့် တန်းစီနေရာကို ရောင်းစားနေကြသည်ဟု  Washington Post သတင်းတွင် ဖော်ပြထားသည်။
မြောက်ဘက်ရှိ ပေကျင်းမှ အရှေ့ဘက်ရှိ နန်ကျင်း မြို့အထိနှင့် အနောက်တောင်ဘက်ရှိ ချန်ဒူးနှင့် ကူမင်းမြို့များအထိ မြို့ ၆ မြို့ရှိ ဈာပနခန်းမများတွင် လှုပ်ရှားမှုများ များလာကြောင်း Maxar Technologies အိုင်တီကုမ္ပဏီက ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် ပြသနေသည်။
မီးသင်္ဂြိုဟ်ရန် အချိန်ကြာစွာစောင့်ရပြီး ထပ်တိုး ဈာပနခန်းမများတွင်လည်း ဝန်ထမ်းအများအပြားခန့်ထားရကြောင်း လူမှုမီဒီယာပို့စ်များတွင် တင်ထားကြသည်။
"ဒီမှာလုပ်နေတာ ၆ နှစ်ရှိပြီ။ တစ်ခါမှ ဒီလောက် အလုပ်မများဖူးပါဘူး၊ ခရစ္စမတ်မတိုင်မီနဲ့ ပြီးခဲ့တဲ့ရက်တွေမှာ ကားတွေဟာ ဈာပနခန်းမထဲဝင်ဖို့ တန်းစီစောင့်ခဲ့ရတယ်”" ဟု တရုတ်အနောက်တောင်ပိုင်း ချုံချင်းမြို့ရှိ ကျင်းနန်နာရေးကူညီမှုအသင်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
"ရေခဲတိုက်တွေလည်း ပြည့်နေပြီး မီးသင်္ဂြိုဟ်စက် ၈ ခုစလုံးက ၂၄ နာရီပတ်လုံး မအားရပါဘူး။ ဖုန်းတွေလဲ တောက်လျှောက် ဖြေနေရပါတယ်" ဟု ၎င်းက ပြောကြားသည်။
နိုင်ငံသားများ၏ ဘဝကို ၂ နှစ်ကျော်ကြာ တင်းကျပ်စွာ ထိန်းချုပ်ခဲ့မှုကြောင့် ဆန္ဒပြများ ဖြစ်ပွားစေခဲ့သည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တရုတ်အစိုးရက မကြာသေးမီက ဖြေလျှော့ပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly