ဂျပန်နှင့် သြစတြေးလျအကြား တရုတ်က သပ်လျှိုရန် ကြိုးပမ်းနေ

By ANI   
19 January 2023
ဂျပန်နှင့် သြစတြေးလျအကြား တရုတ်က သပ်လျှိုရန် ကြိုးပမ်းနေ

ဂျပန်နှင့် သြစတြေးလျတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းကြောင့် တရုတ်သည် နှစ်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးအားကောင်းလာမှုကို သပ်လျှိုရန် ကြိုးပမ်းနေကြောင်း CNN က ဖော်ပြလိုက်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များက သြစတြေးလျကို တိုက်ခိုက်ခဲ့ပြီး အလားတူ ထပ်မံလုပ်ဆောင်နိုင်ကြောင်း သတိပေးလျက်  သြစတြေးလျအနေဖြင့် ဂျပန်နှင့် ဆက်ဆံရေးကို သတိထားသင့်ကြောင်း သြစတြေးလျဆိုင်ရာ တရုတ်သံအမတ်ကြီး ရှောင်ချင်က ဇန်နဝါရီလ ၁၂ ရက်က ပြောကြားခဲ့သည်။
“သမိုင်းကို မေ့ထားရင် သမိုင်းက တစ်ကျော့ပြန်လာနိုင်ပါတယ်” ဟု ကင်ဘာရာမြို့ရှိ တရုတ်သံရုံးတွင် ရှားရှားပါးပါးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှောင်က ပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။
"ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်က သြစတြေးလျကို ကျူးကျော်ပြီး ဒါဝင်ကို ဗုံးကြဲ၊ သြစတြေးလျနိုင်ငံသား တွေကို သတ်ဖြတ်ကာ သြစတြေးလျစစ်သုံ့ပန်းတွေကို လူမဆန်စွာ ဆက်ဆံခဲ့ပါတယ်" ဟု ရှောင်က ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် ဂျပန်က မတောင်းပန်ခဲ့ကြောင်း ရှောင်က လွဲမှားစွာ ပြောဆိုခဲ့သလို ယင်းသို့ ထပ်မံပြုလုပ်လာနိုင်ကြောင်းလည်း သတိပေးခဲ့သည်ဟု CNN က ဖော်ပြခဲ့သည်။
ဂျပန်သည် ဒုတိယကမ္ဘာစစ်အတွင်းက သြစတြေးလျကို မကျူးကျော်ခဲ့ဘဲ ကုန်းမကြီးကိုသာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဂျပန်သည် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၄၃ ခုနှစ် စက်တင်ဘာလကုန်အထိ သြစတြေးလျမြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် မြို့များကို လေကြောင်းတိုက်ခိုက်မှု ၉၇ ကြိမ်ပြုလုပ်ခဲ့ပြီး ဘရွမ်းမြို့လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၉၇ ဦးသေဆုံးခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ ဖမ်းဆီးထောင်ချခံရသော မဟာမိတ်စစ်တပ်မှ ထောင်ပေါင်းများစွာသော စစ်သားများထဲတွင် ဩစတြေးလျနိုင်ငံသားများ ပါဝင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်အတွက် ဂျပန်က ဩစတြေးလျကို တောင်းပန်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly