တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လကျော်အတွင်း သေဆုံးသူ ၆၀ ၀၀၀ ထိ ရှိလာ

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လကျော်အတွင်း သေဆုံးသူ ၆၀ ၀၀၀ ထိ ရှိလာ

တရုတ်နိုင်ငံတွင် တစ်လကျော်အတွင်း ကိုဗစ်နှင့်ဆက်စပ်၍သေဆုံးသူ ၆၀ ၀၀၀ ရှိခဲ့ပြီး ကိုဗစ်လုံးဝကင်းစင်‌ရေးမူဝါဒကို ရုပ်သိမ်းပြီးနောက် ပထမဆုံးထုတ်ပြန်လိုက်သည့် သေဆုံးသူအရေအတွက် ဖြစ်သည်။
ဆေးရုံများနှင့် မီးသဂြိုဟ်စက်များတွင် လူများစုပြုံနေသည့် အထောက်အထားများ ရှိနေသော်လည်း တရုတ်သည် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသည့်အ‌ရေအတွက်ကို‌ မှန်မှန်ကန်ကန်ထုတ်ပြန်ခြင်းမရှိကြောင်း စွပ်စွဲခံနေရသည်။
တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ၅၉ ၉၃၈ ဦး ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။ သေဆုံးသူအများစုမှာ အသက် ၈၀ ကျော်အရွယ်ဖြစ်ပြီး ရောဂါအခံများ ရှိကြသည်။ 
ဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်းပြဿနာဖြစ်ပြီး သေဆုံးသူ ၅ ၅၀၃ ဦးနှင့် ဗိုင်းရပ်စ်နှင့်ရောဂါအခံနှစ်မျိုးပေါင်းကြောင့် သေဆုံးသူ ၅၄ ၄၃၅ ဦး ရှိသည်။ အဆိုပါကိန်းဂဏန်းများသည် ဆေးရုံမှတ်တမ်းများမှ သေဆုံးသူအအရေအတွက်သာဖြစ်ပြီး  အမှန်တကယ် သေဆုံးမှုပမာဏမှာ ပိုများနိုင်ဖွယ်ရှိသည်။
တရုတ်တွင် ဗိုင်းရပ်‌ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်ပြီး သေဆုံးသူများကိုသာ ကိုဗစ်ကြောင့်သေဆုံးမှုအဖြစ် ယခင်လက စတင်သတ်မှတ်ခဲ့ကြသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်၏ အဓိပ္ပါယ်ကောက်ယူပုံအပေါ်  ပြည့်စုံမှုမရှိဟု ဝေဖန်ခဲ့သည်။
တရုတ်က  ၎င်း၏ ကိန်းဂဏန်းများမှာ တိကျမှန်ကန်ကြောင်းနှင့် WHO အနေဖြင့် သိပ္ပံနည်းကျကျ သမာသမတ်ကျကျနှင့်  မျှမျှတတ ရပ်တည်ရန် ပြောဆိုခဲ့သည်။
တရုတ်တွင် ဇန်နဝါရီလအစောပိုင်းက ဆေးရုံတက်ရောက်ကုသသည့် အခြေအနေဆိုးသော ကိုဗစ်လူနာ အများဆုံးရှိခဲ့ပြီး ယခုလည်း ရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုကို ဆောလျင်စွာ သိရှိနိုင်ရေးနှင့် ထိခိုက်အလွယ်ဆုံးသူများအား ဦးစားပေးကုသရေးကို အလေးထားကာ ကျေးလက်ဒေသများရှိ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly