အမေရိကန်သင်္ဘော ဖြတ်သန်းသွားလာမှုကို တရုတ်က ကန့်ကွက်နေစဉ် ထိုင်ဝမ်သမ္မတက စစ်အခြေစိုက်စခန်းသို့ သွားရောက်

By The Independent
18 January 2023
အမေရိကန်သင်္ဘော ဖြတ်သန်းသွားလာမှုကို တရုတ်က ကန့်ကွက်နေစဉ် ထိုင်ဝမ်သမ္မတက စစ်အခြေစိုက်စခန်းသို့ သွားရောက်

တရုတ်က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်၍ အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောဖြတ်သန်းမှုကို ကန့်ကွက်နေစဉ် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်သည် ဒီဇင်ဘာ ၁၃ ရက်က စစ်ရေးလေ့ကျင့်မှုကို ကြည့်ရန် စစ်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်ခဲ့ပြီး နှစ်သစ်တွင် နှစ်နိုင်ငံအကြား တင်းမာမှုများ ပြေလျော့သွားမည့် အရိပ်အယောင် မရှိပေ။
ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး သိမ်းပိုက်မည်ဖြစ်ကြောင်း ပြောကြားထားကာ ကမ္ဘာတွင် အလုပ်အများဆုံး ရေလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်၍ အမေရိကန်နှင့် အခြားနိုင်ငံခြား စစ်သင်္ဘောများ ဖြတ်သန်းမှုကို ပုံမှန်ကန့်ကွက်လေ့ရှိသည်။
ထိုင်ဝမ်သည် တရုတ်ခြိမ်းခြောက်မှုမြင့်တက်လာခြင်းကို တန်ပြန်သည့်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးကို ခိုင်မာအားကောင်းအောင်ပြုလုပ်ရန် ကြိုးပမ်းနေချိန်တွင် စိုင်အင်ဝမ်က အလယ်ပိုင်း ချိုင်ယာယိကောင်တီရှိ အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 
ကာကွယ်ရေးစနစ်တိုးမြှင့်ခြင်းတွင် ပြည်တွင်းသင်္ဘောတည်ဆောက်ရေးနှင့် လက်နက်ထုတ်လုပ်သည့်လုပ်ငန်း တိုးချဲ့ခြင်း၊ အမေရိကန်မှ ကာကွယ်ရေးလက်နက်များ ပိုမိုဝယ်ယူခြင်းနှင့် ၂၀၂၄ ခုနှစ်မှစ၍ အမျိုးသားအားလုံးအတွက် စစ်မှုထမ်းသက်တမ်းကို ၄ လမှ ၁ နှစ်အထိ သက်တမ်းတိုးမြှင့်ခြင်းတို့ပါဝင်သည်။
ခြေလျင်တိုက်ခိုက်ရေးသံချပ်ကာယာဉ်ပါ တပ်ရင်း၏ ခင်းကျင်းပြသမှုကို ကြည့်ရှုပြီးနောက် စိုင်အင်ဝမ်သည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းသို့ ချဉ်းကပ်လာသော တရုတ်စစ်လေယာဉ်များကို ကြားဖြတ်ဟန့်တားရန် အဓိက တာဝန်ရှိသည့် အမှတ် ၄ ဗျူဟာမြောက်လေတပ်သို့ သွားရောက်လေ့လာခဲ့သည်။
“ထိုင်ဝမ်အနီးအနားမှာ တရုတ်စစ်တပ်ရဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်မှုတွေက ရေလက်ကြားဖြတ်ကျော်ဆက် ဆံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အထောက်အကူမဖြစ်ဘူးဆိုတာကို ထပ်မံ ပြောကြားလိုပါတယ်။
“အာဏာရှင်စနစ် နယ်ချဲ့မှုကို ရင်ဆိုင်နေရတာနဲ့အမျှ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို လုံခြုံစေရေး အတွက် တိုက်ခိုက်ရေးစွမ်းရည်နဲ့ တောင့်တင်းခိုင်မာမှုကို လုပ်ဆောင်ရပါမယ်” ဟု စိုင်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly