တရုတ်အပေါ် စိုးရိမ်မှုများရှိနေချိန်တွင် အမေရိကန်နှင့် ဂျပန်တို့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူ

By  Reuters
16 January 2023
တရုတ်အပေါ် စိုးရိမ်မှုများရှိနေချိန်တွင် အမေရိကန်နှင့် ဂျပန်တို့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူ

ဝါရှင်တန်တွင်ပြုလုပ်သည့် အမေရိကန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုခေတ်သစ်တွင် အသာစီးရှိစေရန် ခေတ်မီသော မဟာမိတ်အဖွဲ့၏ မျှော်မှန်းချက်ကို ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
"တရုတ်နိုင်ငံဟာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး မဟာဗျူဟာ စိန်ခေါ်မှုဖြစ်တယ်ဆိုတာ သဘောတူပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်ကို ရည်ညွှန်းကာ အစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သင်္ဘောဖျက်ဒုံးကျည်များ အပါအဝင် အရေးပါသည့် စစ်ရေးစွမ်းရည်များကိုဖော်ဆောင်မည့် ကမ်းခြေစောင့်မရိန်းတပ်ဖွဲ့ကို ဂျပန်နိုင်ငံတွင် တည်ထောင်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။ အာကာသဆိုင်ရာ ဘုံကာကွယ်ရေးသဘောတူစာချုပ်ကို သက်တမ်းတိုးရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ဘလင်ကန်က ပြောကြားခဲ့သည်။
ပြိုင်ဆိုင်မှုပြင်းထန်သော ပတ်ဝန်းကျင်တွင် စုံစမ်းထောက်လှမ်းမှု၊ စောင့်ကြည့်လေ့လာမှု၊ ကင်းထောက်မှု၊ သင်္ဘောဖျက်စွမ်းရည်နှင့် သယ်ယူပို့ဆောင်ရေးစွမ်းရည်များနှင့်အတူ ပိုမိုစွယ်စုံရပြီး  ခံနိုင်ရည်ရှိသည့် ရွေ့လျားတပ်ဖွဲ့များကို နေရာချထားခြင်းဖြင့် ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့များ၏ အနေအထားကို အဆင့်မြှင့်တင်သင့်သည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်မှာ အပြောင်းအလဲရှိမည် မဟုတ်သော်လည်း ပဋိပက္ခတစ်စုံတစ်ရာ မစတင်မီ တရုတ်အနေဖြင့် ၂ ကြိမ် စဉ်းစားစေရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်အတွက် အာရှရှိ တပ်ဖွဲ့များဆိုင်ရာ ကြေညာချက်များစွာအနက် ယခု တပ်ဖြန့်ချထားမှုအသစ်သည် ပထမဆုံးတစ်ခုဖြစ်ပေလိမ့်မည်။
အဆိုပါ သဘောတူညီချက်သည် ၁ နှစ်နီးပါးကြာ ဆွေးနွေးမှုများလုပ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံက ဒေသတွင်း၌ တရုတ်၏ဆောင်ရွက်ချက်များအပေါ် စိုးရိမ်မှုများကြောင့် ဆယ်စုနှစ် ၇ ခုကြာကျင့်သုံးလာသော ငြိမ်းချမ်းရေးဝါဒကို သိသိသာသာ စွန့်ခွာကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးစွမ်းရည်တည်ဆောက်မှုကို ပြီးခဲ့သည်လက ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို ၅ နှစ်စီမံကိန်းတွင် ဂျပန်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၂ ရာခိုင်နှုန်းထိ အသုံးပြုကာ ကာကွယ်ရေးအသုံးစရိတ်ကို ၂ ဆ တိုးမြှင့်မည်ဖြစ်ပြီး သင်္ဘောများ သို့မဟုတ် မြေပြင်အခြေစိုက်ပစ်မှတ်များကို ကီလိုမီတာ ၁ ၀၀၀ (မိုင် ၆၀၀) အကွာအဝေးမှ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ဝယ်ယူသွားမည်ဖြစ်သည်။
အဆင့်မြင့် စုံစမ်းထောက်လှမ်းရေး၊ စောင့်ကြည့်လေ့လာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို အဓိကထား လုပ်ဆောင်မည့် ပြင်ဆင်ဖွဲ့စည်းထားသော တပ်ဖွဲ့ဝင် ၂ ၀၀၀ ပါ မရိန်းတပ်ဖွဲ့ထားရာ ဂျပန်သို့ သင်္ဘောဖျက်ဒုံးကျည်များ ရောက်ရှိလာမည်ဖြစ်ကြောင်း  အမေရိကန် တာဝန်ရှိသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်များကို ၂၀၂၅ ခုနှစ် တွင်အပြီးသတ်ရန် မျှော်မှန်းထားသည်။
တပ်ဖွဲ့ဝင်များ လျင်မြန်စွာ ဖြန့်ကြက်နိုင်စေရန်နှင့် အမေရိကန်နှင့် ဂျပန်တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ကူညီရန် တပ်ဖွဲ့ဝင် ၃၀၀ ခန့်နှင့် စစ်ရေယာဉ် ၁၃ စီး ပါဝင်သည့် သီးခြားအမေရိကန်တပ်ခွဲတစ်ခုကို ယခုနွေဦးရာသီတွင် တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် အမေရိကန်ပြင်ပတွင် အကြီးမားဆုံးစုဖွဲ့မှုအဖြစ် အမေရိကန် မရိန်းတပ်သား ၁၈ ၀၀၀ ကို လက်ခံထားသည်။ တပ်ဖွဲ့ဝင်အများစုသည် ထိုင်ဝမ်မှ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) ခန့်အကွာ အရှေ့တရုတ်ပင်လယ်ကမ်းတစ်လျှောက်ရှိ ကျွန်းတန်း၏ အစိတ်အပိုင်းဖြစ်သည့် အိုကီနာဝါကျွန်းပေါ်တွင် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly