အာဖဂန်နစ္စတန်နှင့် ယှဉ်ပြိုင်မည့် အမျိုးသား ခရစ်ကတ် ပွဲစဉ်အား သြစတြေးလျ ဖျက်သိမ်း

By ANI 
16 January 2023
အာဖဂန်နစ္စတန်နှင့် ယှဉ်ပြိုင်မည့် အမျိုးသား ခရစ်ကတ် ပွဲစဉ်အား သြစတြေးလျ ဖျက်သိမ်း

သြစတြေးလျ ခရစ်ကတ်အဖွဲ့(CA) သည် မတ်လတွင် ယူအေအီးနိုင်ငံ၌ အာဖဂန်နစ္စတန်နှင့် ယှဉ်ပြိုင်ကစားမည့် သြစတြေးလျအမျိုးသား တစ်ရက်တာနိုင်ငံတကာအဆင့်ခရစ်ကတ်ပြိုင်ပွဲ(ODI)တွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အာဖဂန်နစ္စတွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ ဘဝအခြေအနေ ပိုမိုကောင်းမွန်ရေး မျှော်လင့်လျက် အာဖဂန်ခရစ်ကက်အဖွဲ့ချုပ်နှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဟု ကြေညာခဲ့သည်။
သြစတြေးလျအစိုးရအပါအဝင် သက်ဆိုင်သူများစွာတို့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်တော့မည့်အကြောင်း သြစတြေးလျခရစ်ကတ်အဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။
တာလီဘန်တို့က အမျိုးသမီးများနှင့် မိန်းကလေးများ၏ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ နောက်ထပ် ကန့်သတ် ချက်များချမှတ်ပြီးနောက်  သြစတြေးလျခရစ်ကတ်အဖွဲ့(CA)၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမျိုးသမီးများနှင့် မိန်းကလေးများ၏ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ထပ်မံကန့်သတ်ချက်များနှင့် ပတ်သက်ပြီး တာလီဘန်အဖွဲ့၏ မကြာသေးမီက ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သြစတြေးလျ ခရစ်ကတ်အဖွဲ့က ရှင်းပြခဲ့သည်။
တာလီဘန်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ခဲ့ပြီး အမျိုးသမီးများ  အားကစား ပြိုင်ပွဲများတွင် ပါဝင်ခြင်းအား  ချက်ချင်းတားမြစ်ခဲ့မှုကို CA က ပြစ်တင်ရှုတ်ချခဲ့သည်။
အာဖဂန်နစ္စတန်သည် အမျိုးသမီးအသင်းမရှိသည့် တစ်ခုတည်းသော နိုင်ငံတကာခရစ်ကတ်ကောင်စီ (ICC) အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် စတင်ကျင်းပမည့် အသက် ၁၉ နှစ်အောက် အမျိုးသမီး T20 ကမ္ဘာ့ဖလားခရစ်ကက်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုအသင်းမရှိသည့် တစ်ခုတည်းသော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ 
သြစတြေးလျ ခရစ်ကတ်အဖွဲ့ (CA) သည် အာဖဂန်နစ္စတန်အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် အမျိုးသားများအတွက် အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီပေးလျက်ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများဘဝကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး အာဖဂန်နစ္စတန် ခရစ်ကတ်အဖွဲ့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန် ထောက်ခံမှုပေးသည့် အတွက် သြစတြေးလျအစိုးရကိုလည်း ကျေးဇူးတင်ကြောင်း CA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာခရစ်ကတ်ကောင်စီ (ICC) အမှုဆောင်အရာရှိချုပ် ဂျက်ဖ်အာလာဒိုက်စ်က အာဖဂန်နစ္စတန်ရှိ  လတ်တလော အခြေအနေများသည် စိုးရိမ်ဖွယ်ကောင်းပြီး ထိုကိစ္စကို လာမည့်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly