ကဘူးလ်မြို့ရှိ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးဌာနအနီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း  ၅ ဦး သေဆုံး

By ANI  
16 January 2023
ကဘူးလ်မြို့ရှိ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးဌာနအနီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း  ၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်တွင် ဇန်နဝါရီလ ၁၁ ရက် က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက် လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ်ဇက်ဒရန်က ပြောကြားခဲ့သည်။
“မွတ်စလင်တွေအပေါ် အဲဒီလိုအဓိပ္ပာယ်မဲ့ပြီး သူရဲဘောကြောင်တဲ့ တိုက်ခိုက်တာမျိုးကို ကျွန်တော်တို့ အစိုးရက ရှုတ်ချပါတယ်။ တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်တို့ အပြစ်ပေးအရေးယူသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသူ ၄၀ ကျော်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ် သည့် Emergency NGO မှဖွင့်ထားသော ကဘူးလ်ရှိ ခွဲစိတ်ခန်းဌာနသို့ ပို့ဆောင်ပေးခဲ့သည်။ အာဖဂန်နစ္စတန်ရှိ Emergency NGO အဖွဲ့ ညွှန်ကြားရေးမှူး စတက်ဖာနိုဆိုဆာက ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ တဖြည်းဖြည်းတိုးလာနေကြောင်း ပြောကြားခဲ့သည်။ 
“ဒဏ်ရာရတဲ့သူတွေထဲက သေဆုံးတဲ့သူအရေအတွက်က တိုးလာတုန်းပါပဲ။၊ ဒါဟာ ၂၀၂၃ ခုနှစ်မှာ ပထမဆုံး အစုလိုက်အပြုံလိုက်သေဆုံးမှုပါ။။ လူနာတွေများလွန်းလို့ မီးဖိုချောင်နဲ့ စားရိပ်သာတွေေမှာပါ လူနာကုတင်တွေနဲ့ထားရပါတယ်” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရသေးသော်လည်း ခိုရာဆန်ပြည်နယ် အစ္စလာမ္မစ်နိုင်ငံတော် ဟုခေါ်သည့် IS အဖွဲ့၏ အာဖဂန်နစ္စတန်ဆိုင်ရာအဖွဲ့ခွဲသည် ၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ထိုအဖွဲ့၏ ပစ်မှတ်များတွင် တာလီဘန်လှည့်ကင်းများနှင့် ရှီးယိုက်လူနည်းစုများ ပါဝင်သည်။
တာလီဘန်အစိုးရသည် ရုရှားနှင့် ပါကစ္စတန်သံရုံးများနှင့် တရုတ်စီးပွားရေးသမားများတည်းခိုရာ ဟိုတယ်တစ်ခု အပါအဝင် အချို့နေရာများတွင် နိုင်ငံခြားသားများကို ပစ်မှတ်ထားသည့် IS စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။
တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် သိမ်းပိုက်ပြီးကတည်းက IS ၏ အာဖဂန်နစ္စတန်အဖွဲ့ခွဲနှင့် ဆက်စပ်နေသည့် လက်နက်ကိုင်အဖွဲ့များသည် ဟာဇရက်၊ အာဖဂန် ရှီးယိုက်၊ ဆူဖီနှင့် အခြားလူမျိုးစုများကို ပစ်မှတ်ထားဗုံးခွဲမှုများ ပြုလုပ်ခဲ့ရာ ရာနှင့်ချီ၍ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly