ဂျာမနီနှင့် တရုတ် ဆက်ဆံရေး အခြေခံအားဖြင့် ပြောင်းလဲနိုင်ဟု  ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင်ပြော

By Reuters
16 January 2023
ဂျာမနီနှင့် တရုတ် ဆက်ဆံရေး အခြေခံအားဖြင့် ပြောင်းလဲနိုင်ဟု  ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင်ပြော

တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျာမနီသည်  ရုရှားနှင့် ဆက်ဆံမှုပုံစံအတိုင်း တရုတ်နှင့် ဆက်ဆံရေးဖြတ်တောက်ရန် ဖိအားပေးခံရလိမ့်မည်ဟု ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ခေါင်းဆောင်က ပြောကြောင်း ဇန်နဝါရီ ၁၂ ရက်ထုတ် Die Zeit အပတ်စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ဂျာမနီသည် တရုတ်နှင့် ပတ်သက်၍ သတိထားဆင်ခြင်သည့် မဟာဗျူဟာသစ်ကို ကျင့်သုံးနေပြီး ယင်းနိုင်ငံအပေါ် မှီခိုရခြင်းကို လျှော့ချရန် ရည်ရွယ်ထားသည်။

"မနက်ဖြန်၊ သန်ဘက်ခါ ဒါမှမဟုတ် ၁၀ နှစ်တာကာလအတွင်းမှာ တရုတ်က နယ်စပ်တွေကို ဖြတ်ကျော်မယ့် အချိန်ရောက်လာမယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ရပါမယ်" ဟု လာစ်ကလင်န်ဘေးလ် က Die Zeit သို့ ပြောကြားခဲ့သည်။

"တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ရုရှားနဲ့ ဆက်ဆံရေးလိုပဲ တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလည်း အခြေခံအားဖြင့် ပြောင်းလဲသွားမှာပါ

“ရုရှားနဲ့ ဆက်ဆံရေးဟာ ယူကရိန်းကို ရုရှား မတိုက်ခိုက်ခင်အချိန်က အခြေအနေကို ပြန်ရနိုင်မှာ မဟုတ်တော့ဘူး” ဟု အိုလက်ဖ်ရှော့ဇ်က ပြောခဲ့သည်။

ရုရှားကျူးကျော်မှုကို တွန်းလှန်ရန် ဂျာမနီက ယူကရိန်းကို လက်နက်အကူအညီပေးနေသော်လည်း ထိုင်ဝမ်အား လက်နက်များ ကူညီမည်မဟုတ်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ရန် တောင်းဆိုထားခြင်းမရှိကြောင်း အကြီးတန်း ဂျာမနီလွှတ်တော်အမတ် လာစ်ကလင်န်ဘေးလ်က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဂျာမနီ၏ တရုတ်မဟာဗျူဟာသစ်သည် ဝန်ကြီးချုပ်ဟောင်း အန်ဂျလာမာကယ်လက်ထက်က မူဝါဒများနှင့် သွေဖည်ပေလိမ့်မည်။ အန်ဂျလာမာကယ်သည် စီးပွားရေးကိုယ်စားလှယ်များစွာနှင့်အတူ တရုတ်သို့ မကြာခဏသွားရောက်ကာ စီးပွားဆက်ဆံရေး အရှိန်မြှင့်တင်မှုတွင် ကြီးကြပ်ခဲ့သည်။

တရုတ်သည် ၂၀၁၆ ခုနှစ်တွင် ဂျာမနီ၏ ထိပ်တန်းကုန်သွယ်ဖက်ဖြစ်ခဲ့သည်။

 လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအပေါ် သမ္မတရှီကျင့်ဖျင်၏ တင်းကျပ်သော ချုပ်ကိုင်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂျာမနီနိုင်ငံရေးသမားများနှင့် စီးပွားရေးခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်းတွင် အာရှနှင့် ကုန်သွယ်မှု ကဏ္ဍမျိုးစုံလုပ်ဆောင်ရန် အားပေးထောက်ခံလာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly