မြောက်ကိုရီးယားရေငုပ်သင်္ဘော ပျောက်ဆုံးနေဟု သတင်းထွက်ပေါ်

မြောက်ကိုရီးယားရေငုပ်သင်္ဘော ပျောက်ဆုံးနေဟု သတင်းထွက်ပေါ်

ဝါရှင်တန်၊ မတ်၁၂ ။          ။ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေသော အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို လက်တုံ့ပြန်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယားက နောက်ထပ်ခြိမ်းခြောက်မှုပြုလုပ်စဉ်   မြောက်ကိုရီးယားရေငုပ်သင်္ဘောတစ်စင်း ပျောက်ဆုံးနေသည်ဆိုသည့် သတင်းများ မတ် ၁၂က ထွက်ပေါ်ခဲ့သည်။

အမျိုးအစားမသိရသည့် ၎င်းရေငုပ်သင်္ဘောသည် သီတင်းပတ်အစောပိုင်းက မြောက်ကိုရီးယားကမ်းရိုးတန်းအလွန်တွင် ခုတ်မောင်းနေစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဆိုသည်။ သတင်းများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဋ္ဌာန အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ ပင်တဂွန်အရာရှိများကမူ ယင်းကိစ္စနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းလွန်တွင် ရှိနေသည့် ယင်းရေငုပ်သင်္ဘောကို အမေရိကန်စစ်တပ်က စောင့်ကြည့်လေ့လာနေခဲ့ကြောင်း ယင်းကိစ္စနှင့် ကျွမ်းဝင်သည့် အမေရိကန် စစ်အရာရှိသုံးဦး၏ ပြောကြားချက်ကို ကိုးကား၍ စီအင်အင်က ဖော်ပြသည်။ မြောက်ကိုရီးယားရေတပ်က ပျောက်ဆုံးနေသည့် ရေငုပ်သင်္ဘောကို ရှာဖွေနေစဉ် အမေရိကန်သူလျှိုဂြိုဟ်တုများ၊   လေယာဉ်များနှင့် သင်္ဘောများက စောင့်ကြည့်နေခဲ့သည်။

ပျောက်ဆုံးသင်္ဘောမှာ မျောပါ သို့မဟုတ် နစ်မြုပ်သွားသည်ကို အမေရိကန်က သေချာမသိဟု စီအင်အင်က ဖော်ပြသည်။ အမေရိကန်ရေတပ်အင်စတီကျုသတင်းဋ္ဌာနကမူ ရေငုပ်သင်္ဘောမှာ နစ်မြုပ်သွားသည်ဟု ယူဆကြောင်းဖော်ပြခဲ့သည်။ မြောက်ကိုရီးယားတို့ကမူ တစ်ခုခုမှားယွင်းကြောင်း အကူအညီလိုကြောင်း မပြောကြားသေးပေ။

ပြုံယမ်း၏ ခြိမ်းခြောက်မှုအသစ်ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် နောက်ထပ်တင်းမာမှုဖြစ်ပေါ်စဉ် ယခုပျောက်ဆုံးမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ရေတပ်တွင် ရေငုပ်သင်္ဘော ၇၀ခန့်ရှိပြီး အများစုမှာ ဒီဇယ်စွမ်းအင်သုံး ဟောင်းနွမ်းသည့် ရေငုပ်သင်္ဘောများဖြစ်သည်။ ၎င်းတို့မှာ ကမ်းရိုးတန်းလုံခြုံရေးသာ ဆောင်ရွက်နိုင်ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ အကန့်အသတ်ရှိသည်။ သို့သော်လည်း အိုဟောင်းသော နည်းပညာနိမ့် ယင်းရေငုပ်သင်္ဘောများက တောင်ကိုရီးယားသင်္ဘောများကို ကြီးမားသည့်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly