ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ အရပ်သား သမ္မတ

ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ အရပ်သား သမ္မတ
မတ်လ ၁ဝ ရက်နေ့ ပြည်သူ့လွှတ်တော်အတွင်း ဒုသမ္မတ အမည်စာရင်း တင်သွင်းမှု မြင်ကွင်း (PHOTO:- ဆွေဝင်း/Myanmar Now)

နေပြည်တော် (Myanmar Now) - လွှတ်တော်မှာ သမ္မတလောင်း ၄ ဦး အမည်ကို ကြာသပတေးနေ့မှာ တင်သွင်းလိုက်လိုက်ပါပြီ။ ဒါပေမယ့် ဒီလေးဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပါဘူး။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်း/ဇနီး သို့မဟုတ် သားသမီးတွေဟာ နိုင်ငံခြားသား ဖြစ်နေရင် သမ္မတ တာဝန် ယူခွင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ သူ့အနေနဲ့ သမ္မတ မဖြစ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဟာ သမ္မတရဲ့ အထက်မှာ ရှိနေမယ်လို့ ပြောထားပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ဒီသမ္မတလောင်းစာရင်းထဲမှာ မပါပေမယ့် အခု သမ္မတ ရွေးချယ်မှုဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။ သူဦးဆောင်မယ့် အစိုးရဟာ အရပ်သား အစိုးရ စစ်စစ်ဖြစ်လာပြီး ၁၉၆၂ မှာ ပါလီမန်ဒီမိုကရေစီအစိုးရဆီကနေ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီနည်းလမ်းအရ ပေါ်လာမယ့် ပထမဆုံး အရပ်သားအစိုးရ ဖြစ်လာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နေသွားမယ်လို့လည်း NLD အကြီးတန်း ခေါင်းဆောင်တစ်ဦးထံက သိရပါတယ်။ ဒီရာထူးကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် အဓိကကျတဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရမယ့် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှာ ပါဝင်ခွင့်ရပါမယ်။ ဝန်ကြီးအဖွဲ့ဝင်တစ်ဦး ဖြစ်သွားရင် လွှတ်တော်ကိုယ်စားလှယ်တာဝန် ယူခွင့် မရှိတော့တဲ့အတွက် သူ့ရဲ့ မဲဆန္ဒနယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးရမှာပါ။

ပြည်သူ့လွှတ်တော်မှာ NLD က ဦးထင်ကျော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်း တို့ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ NLD က ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ၊ ပြည်ခိုင်ဖြိုးပါတီက ဦးခင်အောင်မြင့်တို့ကို အမည်စာရင်း တင်သွင်းပါတယ်။

နေပြည်တော် လွှတ်တော်နှစ်ရပ်မှာ နေရာ ၂၅ ရာခိုင်နှုန်း အသင့်ယူထားပြီးဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဒုသမ္မတတစ်ဦး အမည်စာရင်း တင်သွင်းဖို့ သီးခြားနေရာတစ်ခုမှာ စုဝေးကြမှာဖြစ်တဲ့အတွက် ဒီကနေ့ လွှတ်တော်ထဲမှာ ရှိမနေကြပါဘူး။ လွှတ်တေ်ာမှာ NLD ကိုယ်စားလှယ်တွေက နေရာအများစုရထားတာကြောင့် သမ္မတနေရာအတွက် ရွေးချယ်တင်မြှောက်နိုင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်အားကိုးရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထင်ကျော်ကတော့ သမ္မတဖြစ်လာလိမ့်မယ်လို့ ရေပန်းစားနေပြီး သူဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သမ္မတနေရာအတွက် ရွေးချယ်ခံရမှာပါ။

ကိုယ်စားပြုသမ္မတ

အောက်စ်ဖို့ဒ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဦးထင်ကျော်ဟာ နောက်ခံမျိုးရိုးကောင်းမွန်သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မဟုတ်ပါဘူး။ သူ့ရဲ့ဇနီးဖြစ်သူကတော့ NLD ကို ထူထောင်ရာမှာ ပါဝင်တဲ့ ကွယ်လွန်သူ ဦးလွင်ရဲ့ သမီး၊ NLD ကနေ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဖြစ်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တာနဲ့ ပတ်သက်လို့ တုန်လှုပ်မှု မရှိကြပါဘူး။

အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ က NLD ကိုယ်စားလှယ် ဦးဝင်းဇော်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆွေးနွေးမှု မအောင်မြင်တဲ့နောက်မှာ အခြားရွေးချယ်စရာနည်းလမ်း မရှိတဲ့အတွက် ကိုယ်စားပြုသမ္မတတစ်ဦး ရွေးချယ်ခြင်းဟာ မှန်ကန်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“အကုန်လုံးက သိတယ် သူသမ္မတဖြစ်သင့်တယ်ဆိုတာကို သူကလည်း ဖြစ်ချင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးက လိုက်ပါပြီးပြောင်းလဲဖို့ဆိုတာကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကိုင်ထားမှာပဲ။ ၅ နှစ်လုံးလုံး ကိုင်မလားဆိုတာကတော့ ပြောလို့မရဘူး” လို့ ဦးဝင်းဇော်က ပြောပါတယ်။

အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က NLD ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းကတော့ ခန့်မှန်းရ ခက်နေတဲ့ နိုင်ငံရေးအခြေအနေဟာ အင်မတန် သိမ်မွေ့နက်နဲတယ်လို့ သုံးသပ်ပါတယ်။

“တစ်သက်လုံး မမျှော်လင့်ခဲ့တဲ့ အခြေအနေကိုရောက်နေပြီ။ ဘယ်လိုအသုံးချမလဲဆိုတာ အရေးကြီးပါတယ်။ ပြည်သူရော၊ အစိုးရအသစ်ရော၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရော ဟန်ချက်ညီမှ ရမှာပါ” လို့ ပြောပါတယ်။

အပြောင်းအလဲများ

စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာတွေနဲ့အတူ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။ NLD အစိုးရ ဖြေရှင်းရမယ့် ပြဿနာတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေအပြင် အဓိကကျတဲ့ဝန်ကြီးဌာနသုံးခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာတွေကို ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ကလည်း လိုနေပါတယ်။

“ကျွန်တော်တို့ရဲ့ တာဝန်က ယိုယွင်းပျက်စီးနေတဲ့ ဒီနိုင်ငံကြီးကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တေ်ာတို့ ဒီတာဝန်ကို အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က NLD ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“အဓိက အရေးကြီးဆုံးက ငြိမ်းချမ်းရေးရဖို့ပါ။ ငြိမ်းချမ်းရေးမရဘဲနဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လို့ မရပါဘူး” လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ရက်တွေထဲမှာတော့ လွှတ်တော်ကော်မတီက အမည်စာရင်းတင်ထားတဲ့ ဒုသမ္မတလောင်းတွေကို ယခင်စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်သွားမှာဖြစ်ပါတယ်။ သမ္မတလောင်းတစ်ဦးဟာ စစ်ရေးအမြင်ရှိပြီး ပြည်ပအစိုးရတစ်ခုခုရဲ့ သြဇာခံမထားသူဖြစ်ရမယ်လို့ အခြေခံဥပဒေမှာ ဆိုထားပါတယ်။

စီစဉ်ထားတဲ့အတိုင်းဆိုရင် သမ္မတရွေးချယ်တင်မြှောက်မှုကို မဲခွဲဆုံးဖြတ်ပြီးနောက်မှာ တရားဝင် တာဝန်လွှဲပြောင်းမှုကို မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပမှာပါ။ လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ဖူးလို့ ဆိုထားပြီး သမ္မတအိမ်တော်မှာ ပြုလုပ်မယ့် ညစာစားပွဲကိုတော့ တက်ရောက်မယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောထားပါတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly