တရုတ် ဝံပုလွေစစ်သည်တော်သံတမန် ကျောက်လီကျန်း ထိပ်တန်းရာထူးမှ ပြောင်းရွှေ့ခံရ

By The Straits Times
14 January 2023
တရုတ် ဝံပုလွေစစ်သည်တော်သံတမန် ကျောက်လီကျန်း ထိပ်တန်းရာထူးမှ ပြောင်းရွှေ့ခံရ

 

တရုတ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမှုများကို အနီးကပ်လုပ်ဆောင်ရသည့် ထိပ်တန်းသံတမန်တစ်ဦးအား ရာထူးအသစ်သို့ ရွှေ့လိုက်သောကြောင့် ဝံပုလွေစစ်သည် သံခင်းတမန်ခင်းကို  ပြန်လည်သုံးသပ်နေသည့် နောက်ဆုံးလက္ခဏာတစ်ရပ် ဖြစ်သည်။

အသက် ၅၀ အရွယ် ကျောက်လီကျန်းကို နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်က ၎င်း၏ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။ ရာထူးအဆင့်တူ ပြောင်းရွှေ့မှုဖြစ်သော်လည်း ရာထူးအသစ်သည် လက်ရှိပြောရေးဆိုခွင့်ရှိသူရာထူးလောက် ထင်ပေါ်မှုမရှိပေ။ ကျောက်လီကျန်းသည် ပြောရေးဆိုခွင့်ရှိသူလုပ်ခဲ့သောကြောင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှစပြီး တရုတ်နိုင်ငံ၏ အထင်ရှားဆုံးသော ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့ကာ Weibo လူမှုမီဒီယာတွင် စောင့်ကြည့်သူ ၈ သန်းနီးပါး ရရှိထားသည်။

တစ်ချိန်က ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့ဖူးသည့် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်း ကျင်ဂန်းကို နိုင်ငံခြားရေး၀န်ကြီးအဖြစ် ခန့်အပ်ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် ကျောက်လီကျန်းအား ရာထူးအသစ်သို့ ပြောင်းရွှေ့သည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အသက် ၅၆ နှစ်အရွယ် ကျင်ဂန်းသည် ရှေးရိုးပိုဆန်ပြီး လူမှုကွန်ရက်မီဒီယာအခြေပြုမှုနည်းသည့် ချဉ်းကပ်မှုကို ကျင့်သုံးကာ ကျောက်လီကျန်း အဓိကဝေဖန်ခဲ့သည့် အမေရိကန်နှင့် သြစတြေးလျကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲလိုသည့် သဘောထားရှိသည့်ပုံဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ နိုဝင်ဘာလတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခြင်းဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် တွန်းအားပေးချိန်၌ ယခုရာထူးအပြောင်းရွှေ့များ ဖြစ်ပေါ်လာသည်။

သမ္မတရှီသည် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကိရှီဒါနှင့် သြစတြေးလျခေါင်းဆောင် အန်တိုနီအယ်ဘန်နိစ် အပါအဝင် အမေရိကန်၏ ထိပ်တန်း မဟာမိတ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးပမ်းနေသည်။

ကျောက်လီကျန်းအား ဇန်နဝါရီလ ၁၀ ရက်က ဌာနပြောင်းရွှေ့မှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

ကျောက်လီကျန်းသည် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင်တာဝန်ထမ်းဆောင်စဉ်က အမေရိကန်ရှိ လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လက အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဆူဆန်ရိုက်နှင့် ပြဿနာတက်မှုများအပါအဝင် ဆွေးနွေးငြင်းခုံတတ်သည့် Twitter အသုံးပြုသူတစ်ဦးအဖြစ် လူသိများလာခဲ့သည်။ သူသည် ပြည်ပရန်သူများကို အနိုင်ယူနေသော ရမ်ဘိုကဲ့သို့သော သူရဲကောင်းများကို သရုပ်ဖော်ထားသည့် အက်ရှင်ရုပ်ရှင်စီးရီးများကို ရည်ညွှန်းသည့် ထိပ်တိုက်ရင်ဆိုင်တတ်သော ဝံပုလွေစစ်သည်တော်သံတမန်မျိုးဆက်တွင် ပါဝင်လာခဲ့သည်။

ကျောက်လီကျန်းအား ၂၀၁၉ ခုနှစ် သြဂုတ်လက ပြောရေးဆိုခွင့်ရှိသူရာထူးခန့်အပ်မှုသည် ၎င်း၏ပုံစံကို တရုတ်အစိုးရက ထောက်ခံမှုအဖြစ် ရှုမြင်နိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ အခြားသော တရုတ်သံတမန်အများအပြားကလည်း ထိုခန့်အပ်မှုကို လက်ခံခဲ့ကြသည်။ ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလများတွင် ကျောက်လီကျန်းက အမေရိကန်အားကစားသမားများ ဝူဟန်သို့ လာရောက်စဉ် ရောဂါပိုးသယ်ဆောင်လာခြင်း ရှိ/မရှိ မေးခွန်းထုတ်ကာ ကိုဗစ်-၁၉ ၏ဇာစ်မြစ်အကြောင်း အကွက်ချကြံစည်မှုသီအိုရီကို အားပေးမြှင့်တင်ခြင်းဖြင့် အမေရိကန်များကို ဒေါသထွက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly