ပျောက်ဆုံး MH370 လေယာဉ်မှဟု ယူဆရသော အသစ်တွေ့ရှိရသည့် သံသယဖြစ်ဖွယ် အပျက်အစီးအပိုင်းအစကို စမ်းသပ်စစ်ဆေးမည်

ပျောက်ဆုံး MH370 လေယာဉ်မှဟု ယူဆရသော အသစ်တွေ့ရှိရသည့် သံသယဖြစ်ဖွယ် အပျက်အစီးအပိုင်းအစကို စမ်းသပ်စစ်ဆေးမည်

ဂျိုဟန်နက်စ်ဘတ်၊ မတ် ၁၂ ။          ။ ပျောက်ဆုံးမလေးရှားလေယာဉ် MH370 ၏ အစိတ်အပိုင်းဖြစ်နိုင်သော တောင်အာဖရိက အပမ်းဖြေခရီးထွက်သူတစ်ဦးက တွေ့ရှိထားသည့် အပျက်အစီးအပိုင်းအစတစ်ခုကို စစ်ဆေးစမ်းသပ်ရန် ပို့ဆောင်မည်ဟု လေကြောင်းအာဏာပိုင်များက မတ် ၁၁ တွင်ပြောသည်။

မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်သည် ၂၀၁၄က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းရာလမ်းကြောင်းတွင် ပျောက်ဆုံးသွားခဲ့သည်။ ဆယ်ကျော်သက်ရွယ် လီယမ်လော့တာက လွန်ခဲ့သည့် ဒီဇင်ဘာလက မိုဇမ်ဘစ်တွင် အားလပ်ရက်ခရီးထွက်စဉ် ကမ်းခြေတစ်ခု၌ တစ်မီတာခန့်ရှည်သော သတ္တုအစိတ်အပိုင်းတစ်ခုကို တွေ့ရှိသဖြင့် အိမ်သို့ယူသွားခဲ့သည်ဟု   ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။

တောင်အာဖရိကအရပ်ဘက်လေကြောင်းအာဏာပိုင်များက အစိတ်အပိုင်းကို သြစတြေးလျသို့ပို့ရန် စီစဉ်ထားသည်။ သြစတြေးလျသည် အစိတ်အပိုင်းများကို ခွဲခြားဖော်ထုတ်ရန် မလေးရှားက ခန့်အပ်ထားသည့် နိုင်ငံဖြစ်သည်ဟု ပြောခွင့်ရအမျိုးသား ကာဘယ်လိုလက်ဒ်ဝါဘာက ပြောသည်။

ထူးဆန်းစွာလေယာဉ်ပျောက်ဆုံးမှု မတ် ၈က နှစ်နှစ်ပြည့်ပြီးနောက် ရက်အနည်းငယ်အကြာ အသစ်တွေ့ရှိသည့် သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးလိုက်ပါသွားသော အဆိုပါလေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် မသိရသေးသည့် အကြောင်းရင်းများကြောင့် လမ်းကြောင်းပြောင်းသွားခဲ့သည်။

လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ လှည့်သွားကာ ယင်းသမုဒ္ဒရာတွင် ပျက်ကျခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်လျက်ရှိသည်။ ပျက်ကျသည့်နေရာကို မတွေ့ရှိသေးပေ။ လွန်ခဲ့သည့် ဇူလိုင်က ပြင်သစ်ပိုင် ရီယူနီယမ်ကျွန်းပေါ်တွင် အမျိုးသားတစ်ဦး တောင်ပျံအပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပြီး ယင်းမှာ ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းဟု ကျွမ်းကျင်သူများက ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags