ချင်းတွင်းမြစ်အတွင်းမှ စစ်ကောင်စီတပ်၏ ရိက္ခာပို့ရေယာဉ်ကို ၂ ကြိမ်တိုက်ခိုက်၊ ၅ ဦးသေဆုံးဟုဆို

By MTO(မဇ္ဈိမ)
12 January 2023
ချင်းတွင်းမြစ်အတွင်းမှ စစ်ကောင်စီတပ်၏ ရိက္ခာပို့ရေယာဉ်ကို ၂ ကြိမ်တိုက်ခိုက်၊ ၅ ဦးသေဆုံးဟုဆို

မဇ္ဈိမ။ ။စစ်ကိုင်တိုင်း မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ အင်အား ၂၀ ခန့်ဖြင့် အမြင့်ကျေးရွာသို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီ၏ရေယာဥ်နှစ်စီးကို ဇန်နဝါရီလ ၁၀ ရက်နေ့က အသွားတစ်ကြိမ် အပြန် တစ်ကြိမ် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ရေယာဉ်တစ်စီးပျက်စီးသွားကြောင်း Dragon Brother Task Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “မနက်ပိုင်းနဲ့ညနေပိုင်းမှ အစုန်အဆန်ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ကျောက်စုပ်မော်တော်နှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မနက်ပိုင်းအစုန်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ညနေအဆန်မှာတော့ စစ်တပ်ရဲ့မော်တော်တစ်စီးကို လက်လုပ်ရှေ့ထွက်မိုင်း နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ဝမ်းဗိုက်ထိမှန် ပျက်စီးသွားပါတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သော်လည်း ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း Dragon Brother Task Force အဖွဲ့ကပြောသည်။

စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုပြီး စစ်လက်နက်အင်အားဖြည့်တင်းခြင်း၊ စားနပ်ရိက္ခာ ဖြည့်တင်းခြင်းများပြုလုပ်လေ့ရှိကြောင်း သိရသည်။

ယခုတိုက်ပွဲကို Dragon Brother Task Force အဖွဲ့နှင့်အတူ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ် နှင့် ပုလဲမြို့နယ်မှ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ချင်းတွင်းမြစ်ကြောင်းမှ မော်တော်များဖြင့် ကျေးရွာများကို လိုက် လံအကြမ်းဖက်နေသည့် စစ်ကောင်စီမော်တော်ယာဉ်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required