ရွေးကောက်ပွဲအတွက် မဲစာရင်း အစကနေ ပြန်လုပ်လို့ ရမလား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်မှာနေတဲ့ ဦးဝင်းကျော် ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ စာရေးခဲ့သူက အငြိမ်းစား ကျန်းမာရေး ဝန်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး ရေးထားတဲ့ အကြောင်းအရာကတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ထုတ်ပြန်ရာမှာ တစ်နိုင်ငံလုံး အမှားတွေချည်း
ဖြစ်နေတာကို ကြားမိ ဖတ်မိလို့ ဘာကြောင့် မှားရလဲဆိုတာကို သူ ပြောချင်လို့ စာရေးခဲ့တာဖြစ်ပြီး ဖော်ပြပေးဖို့ မေတ္တာ ရပ်ခံပါတယ်လို့ ရေးလာခဲ့ပါတယ်။

မဇ္ဈိမ စာဖတ်သူ ကဏ္ဍဟာ ပြည်သူတွေရဲ့ အခက်အခဲတွေ ရင်ဖွင့်သံတွေ အကြံပေးတာတွေကို ဖော်ပြဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်တဲ့အတွက် ဦးဝင်းကျော်ရဲ့စာမှာ နိုင်ငံအတွက် အမှန်တကယ် လုပ်ကြရမယ့် အကြောင်းအရာတွေကို အကြံပြုရေးသားထားတာဖြစ်လို့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

စာရေးခဲ့သူက အခုတလော မဲစာရင်း ကြေညာမှုတွေမှာ အချက်အလက် မှားယွင်းမှုတွေ၊ လွဲမှားမှု တွေ ရှိနေတာကို သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖတ်ရသလို ကိုယ်တိုင်လည်း ကြုံတွေ့နေရတဲ့ အတွက် ဘာကြောင့် မှားသလဲဆိုတာ သိရင် ဘယ်လိုပြင်ကြမှာလဲလို့ သိချင်ပါတယ်လို့ ဆိုပါတယ်။ ဖတ်ရတဲ့ ပုဂ္ဂလိကထုတ် သတင်းတွေမှာ တချို့က မဲစာရင်း မှားနေမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ ကို မဲနဲ့ ပတ်သက် ပြီး မဲလိမ်၊ မဲခိုးဖို့ ပြုလုပ်ချင်တာကြောင့် မဲစာရင်းတွေ မှားနေတာလို့ ရေးနေကြတာ ဖတ်ရပါတယ်။

သူကတော့ အဲဒီလို မထင်ပါဘူး။ သူ့အနေနဲ့ ဒီကိစ္စကို လေ့လာကြည့်တဲ့ အခါမှာ တမင်လုပ်တာ မဟုတ်ပေမဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်တာ၊ စနစ်မကျတာ၊ ပြီးပြီးရော လုပ်ကြတာ တွေကြောင့် ဒီလို အမှားတွေ ဖြစ်လာတာလို့ ယူဆတယ်လို့ ပြောပါတယ်။

ဘာ့ကြောင့် ဒီလိုပြောရလဲ ဆိုရင် ရွေးကောက်ပွဲအတွက် မဲစာရင်းဟာ အလွန်အရေးကြီးပြီး အဓိက ကျတာကို စာရင်းဖြစ်ရင် ပြီးရောဆိုတဲ့အမြင်နဲ့ အလွယ်တကူ အိမ်ထောင်စုစာရင်းကနေ မဲစာရင်းအဖြစ် ကူးနေကြတဲ့အတွက် ဒီအမှား ဖြစ်လာတာကို အထင်အရှား မြင်တွေ့နေရလို့ပါပဲလို့ ဆိုပါတယ်။

သူပြောသလိုပဲ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကလည်း လက်ရှိ ထုတ်ပြန်ထားတဲ့ မဲစာရင်းများဟာ လ.ဝ.က မှာရှိတဲ့ အိမ်ထောင်စု စာရင်းကို ရယူထုတ်ပြန်ထားခြင်းဖြစ်လို့ မဲစာရင်းမှာ လူပိုနေခြင်းဟာ မှားယွင်းစွာ ဖော်ပြခြင်း ဖြစ်နိုင်တယ်လို့ ပြောတာကို သတင်းစာ တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဦးကိုကိုကပဲ အိမ်မှာ လူရှိနေပေမယ့် လ.ဝ.က မှာ ပုံစံ ၆၆/၆ မရှိရင် မဲစာရင်းထဲ ထည့် မပေးနိုင်ပါဘူးလို့ ပြောထားတဲ့အတွက် အဲဒါကိုက မဲစာရင်းမှားဖို့ အကြောင်းတရား ဖြစ်လာတာလို့ ပြောပါ တယ်။

လ.ဝ.က မှာ ရှိတဲ့ အိမ်ထောင်စုစာရင်းတွေ မှားနေတာ နှစ်ပေါင်းကြာမြင့်ခဲ့ပါပြီ လ.ဝ.က မှာ အိမ်ထောင်စုစာရင်း ပြုလုပ်ရင် အိမ်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းနဲ့တကွ ရပ်ကွက်ထောက်ခံစာ ပါယူပြီး ပြုလုပ်ကြရပါတယ်။ အိမ်ငှားနေတဲ့လူဟာ ကိုယ်နေတဲ့နေရာမှာ အိမ်ထောင်စုစာရင်း ပြောင်းချင်ရင် အိမ်ရှင်ရဲ့ ခွင့်ပြုချက် ပါရပါတယ်။ ရန်ကုန်မြို့မှာ ဘယ်အိမ်ရှင်မှ ခွင့်ပြုချက်ပေးတာ မကြားမိ မမြင်မိသေးပါဘူး။
အိမ်ထောင်စု စာရင်းစာရွက်ရဲ့ ထိပ်ဆုံးမှာ ရေးထားတဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ခြင်း မရှိစေရ ဆိုပြီး ရေးထားတာကို ဖျက်ပစ်ဖို့ ကောင်းနေပါပြီလို့ ပြောပါတယ်။ ဒီလို တစ်သက်လုံး စာရင်းမှားနေ တာကို မှန်ကန်တဲ့ စာရင်းဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ တခြား တစ်နည်းနည်းနဲ့ ပြုလုပ်ဖို့ မစဉ်းစားဘဲ အမှားအတိုင်း ဆက်လုပ်နေတာကိုက မှားနေတယ်ဆိုတာ တာဝန်ရှိသူတွေ သိဖို့ကောင်းပါတယ်။

မှားနေတဲ့ အိမ်ထောင်စု စာရင်းကနေ ဒီလောက် အရေးကြီးတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းအဖြစ် ပြောင်းလဲဖို့ ညွှန်ကြားခဲ့တဲ့သူတွေကို သူဘယ်လိုမှ နားလည်လို့ မရဘူးလို့ ရေးပါတယ်။ အခုဆိုရင် ရွေး ကောက်ပွဲလုပ်ဖို့ အချိန် လေးလပဲ လိုတော့ပေမဲ့ အရပ်ဘက် အဖွဲ့အစည်းနဲ့ ပြည်သူတွေပါ ပူးပေါင်းပါဝင်ပြီး မဲပေးခွင့်ရှိသူစာရင်းကို အစိုးရအနေနဲ့ရော ကော်မရှင်အနေနဲ့ပါ အင်တိုက်အားတိုက် ပြုလုပ်ပေးစေချင်ပါ တယ်လို့ ပြောပါတယ်။

မဲစာရင်း မမှန်ကန်ဘဲနဲ့ ရွေးကောက်ပွဲ လုပ်တယ်ဆိုရင် ဒီရွေးကောက်ပွဲက သန့်ရှင်းပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ အရွယ်ရောက်ပြီး စာမဖတ် စာမတတ်တဲ့ သူတွေတောင် သိနိုင်ပါ တယ်။ မှားနေတာကို သိရက်နဲ့ အချိန်ကုန် ငွေကုန် လူပင်ပန်းခံပြီး ဆက်လုပ်ကြမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

ပြည်သူတစ်ယောက် အနေနဲ့ အစိုးရနဲ့ ကော်မရှင်ကို တောင်းဆိုချင်တာက မဲစာရင်းကို အစကနေ ပြန်လုပ်ပေးပါ။ နည်းပညာတွေ တိုးတက် နေတဲ့အတွက် လူအင်အား ငွေအင်အားသုံးရင် အချိန်မီမှာ ဖြစ်ပြီး ဒီလို ပြုလုပ်ဖို့အတွက် အစိုးရနဲ့ ကော်မရှင်ကို နိုင်ငံတော်အတွက် ပြည်သူတွေ အတွက်လို့ ကြွေးကြော်နေကြ တဲ့ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ နိုင်ငံကို တကယ်ချစ်လို့ စွန့်လွှတ် စွန့်စားချင်တယ် ဆိုရင် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်စွာ ရရှိရေးကိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ကူညီလုပ်ဆောင် ပေးကြဖို့ တောင်းဆိုချင်လို့ စာရေးလိုက်တာပါလို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။