လာအိုရှိ တရုတ်အလုပ်ရှင်ထံမှ လွတ်မြောက်လာသော နီပေါအမျိုးသမီး ၃ ဦး ခြိမ်းခြောက်ခံနေရ

By ANI
11 January 2023
လာအိုရှိ တရုတ်အလုပ်ရှင်ထံမှ လွတ်မြောက်လာသော နီပေါအမျိုးသမီး ၃ ဦး ခြိမ်းခြောက်ခံနေရ

လာအိုတွင် အလုပ်လုပ်ရန် နီပေါနိုင်ငံမှ ထွက်ခွါခဲ့သော လာလီတာ၊  ဂျူနာ နှင့် ရိုဂျီတာအမည်ရှိ နီပေါအမျိုးသမီး ၃ ဦးသည် တင်းကျပ်သော တရုတ်အလုပ်ရှင်များထံမှ ထွက်ပြေးလွတ်မြောက်ခဲ့ကာ နေရပ်သို့ ပြန်လာခဲ့ကြသော်လည်း မလုံခြုံဟု ခံစားနေကြရကြောင်း The Kathmandu Post သတင်းစာတွင် ဖော်ပြထားသည်။

နီပေါအမျိုးသမီး ၃ ဦးသည် အစားအသောက်နှင့် ခရီးစရိတ်အခမဲ့ဖြင့် လာအိုနိုင်ငံသို့ ခေါ်ဆောင်ခံရပြီး လာအိုနိုင်ငံသို့ ရောက်ရှိချိန်၌ Facebook၊ Instagram၊ Twitter နှင့် WhatsApp ကဲ့သို့သော လူမှုမီဒီယာများတွင် အထောက်အထား အတုများဖြင့် အလုပ်ခိုင်းစေခံခဲ့ရသည်ဟု ဆိုသည်။

နီပေါအမျိုးသမီးများကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့်ဗြိတိန်နိုင်ငံတို့မှ ချမ်းသာသော အင်္ဂလိပ်စကားပြောဆိုသူများကို လိမ်လည်လှည့်ဖြားခိုင်းခဲ့သည်။ အမျိုးသမီးများသည် ည ၁၁ နာရီမှ နံနက် ၁၀ နာရီခွဲ အထိ အလုပ်လုပ်ကြရပြီး နံနက် ၄ နာရီခွဲတွင် ၁ နာရီသာ နားချိန်ရသည်။

လာလီတာက “ကျွန်မတို့တွေ ထောင်ချောက်ထဲ ပိတ်မိနေတယ်လို့ ခံစားရတယ်။ ဗုဒ္ဓဘာသာအကျင့်ကို ကျင့်တဲ့သူတွေ အနေနဲ့ ကျွန်မတို့ ဘဝမှာ ဘယ်သူ့ကိုမှ မလှည့်စားခဲ့ဖူးဘူး” ဟု ပြောသည်။

အလုပ်ရှင်၏ စည်းကမ်းချက်များကို လိုက်နာရန် ငြင်းဆိုပြီးနောက် အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ နောက်ဆုံးတွင် ၎င်းတို့သည် သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ အကူအညီဖြင့် စင်တာမှ လွတ်မြောက်နိုင်ခဲ့သည်။

အမျိုးသမီး ၃ ဦးသည် နီပေါနိုင်ငံသို့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နီပေါရဲတပ်ဖွဲ့၏ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဗျူရိုတွင် စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် တိုင်တန်းခဲ့သည်။

ရဲတပ်ဖွဲ့သည် တရုတ်အေးဂျင့်နှစ်ဦးဖြစ်သည့် တရုတ်နိုင်ငံ၊ စီချွမ်တွင် အမြဲတမ်းနေထိုင်သူ အသက် ၃၀ နှစ်ရှိ ချန်ယန်နှင့် ဖူဂျီယန်မှ အသက် ၃၃ နှစ်အရွယ် ရန်ချောင်ဟွမ်တို့ကို ဒီဇင်ဘာ ၂၂ ရက်တွင် ဖမ်းဆီးခဲ့သည်။ ယခုအခါ ၎င်းတို့ ၂ ဦးကို ဆန်ဒါဟာဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း The Kathmandu Post က ဖော်ပြခဲ့သည်။

သို့သော် နီပေါနိုင်ငံ၌ တရုတ်အမျိုးသား၂ ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း နီပေါအမျိုးသမီး ၃ ဦးသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရသည်။

“ကျွန်မတို့ လွတ်မြောက်ခဲ့ပေမယ့် ရဲကို သတင်းပို့ခဲ့လို့ တရုတ်တွေက သူတို့ရဲ့ လုပ်ငန်းကို ဖျက်စီးတယ်လို့ ယူဆပြီး လက်စားချေဖို့ အေးဂျင့်တွေကနေတဆင့် ကျွန်မတို့ကို ရှာနေပါတယ်” ဟု လာလီတာက ပြောသည်။

လာလီတာသည် လာအိုရှိအွန်လိုင်းဆက်သွယ်ရေးစင်တာမှ တရုတ်အလုပ်သမားများနှင့် အချိတ်အဆက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့မှာလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို ဆက်ခံစားနေရကြောင်း သိခဲ့ရသည်။

"ပြီးခဲ့တဲ့ အပတ်က နောက်ထပ် နီပေါ ၄ ယောက်ကို အလုပ်ထပ်ခန့်တယ်လို့ ကျွန်မရဲ့ တရုတ်သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။ သူတို့ ဘာဖြစ်လာနိုင်မလဲဆိုတာ စိုးရိမ်တယ်" ဟု လာလီတာက ပြောသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ မာလာက လာအိုအွန်လိုင်းဆက်သွယ်ရေးစင်တာသည် နီပေါနိုင်ငံသား ၂ ဒါဇင်ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ သူတို့ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

လာလီတာ၏ခင်ပွန်း ရာဂျန်က လာလီတာကို လိမ်ညာခဲ့သော တရုတ်အေးဂျင့်များ အချိန်မရွေးလွတ်မြောက်နိုင်သဖြင့် စိုးရိမ်နေသည်။ “ အဲဒီတရုတ်တွေက တခြားတရုတ်တွေ၊ နီပေါနိုင်ငံရေးခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ရှိကောင်းရှိနိုင်ပြီး ကျွန်တော်တို့ကို အခက်တွေ့အောင်လုပ်မှာ စိုးရိမ်တယ်” ဟု ရာဂျန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly