အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးလုပ်မည်

အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးလုပ်မည်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ ့(NCCT) တို ့၏ ဆဋ္ဌမအကြိမ်မြောက် တစ်ခုတည်းသော မူကြမ်း(Single Text) ဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊စက်တင်ဘာလ- ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို ့မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

ချင်းမိုင်၊ မတ် ၁၁ ။             ။ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစားချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ တတိယပတ်တွင် ကျင်းပမည် ဖြစ်သည်။

တက်လာမည့် အစိုးရအဖွဲ့နှင့် NCA အပေါ် အကောင်အထည်ဖော်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရေးနှင့် လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်လက် လက်တွဲသွားနိုင်ရေးတို့ကို အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပအို့ဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

“ရှေ့လုပ်ငန်းစဉ်အရ ဘာတွေ ဆက်သွားမလဲ။ အန်စီအေကို အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လို ဆက်လက် အကောင်အထည်ဖော်မလဲ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို အောင်မြင်အောင် ဘယ်လို ဆက်ပြီး အစိုးရသစ်တက်လာတဲ့ ကာလမှာလည်း လက်မှတ်မထိုးသေးတဲ့ ညီနောင်တွေနဲ့ ဘယ်လို ဆက်ပြီး လက်တွဲပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မလဲဆိုတာ အဓိကတော့ ဒါတွေပါပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်း ၈ ဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စုစုစည်းစည်းဖြင့် လုပ်ဆောင်နိုင်ရေးရန် ထိပ်သီးအစည်းအဝေး ကျင်းပခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ထိုအစည်းအဝေးတွင် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုသို့ NCA လက်မှတ်ရေးထိုးပြီးနောက် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့ထိ သုံးရက်ကြား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။

ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးတွင် NCA လက်မှတ်မထိုးထားသော အဖွဲ့အစည်းများနှင့်လည်း NCAအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်၊ NCA ပြဌာန်းချက်များနှင့်အညီ အစိုးရ သစ်နှင့်လည်း ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် အပါအဝင် အချက် ၆ ချက်ကို သဘောတူ ဆွေးဆွေးနွေးဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်း ၂၁ ဖွဲ့မှ ၈ ဖွဲ့က NCAတွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ကျန်လက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ် ရေးထိုးခြင်းမရှိခဲ့ပေ။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့သည် NCA လက်မှတ်ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags