တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးသူ ၃၀၀ ကျော်ရှိကြောင်း Southern Monitor က ထုတ်ပြန်

By ကိုရွှေမြိတ် (မဲဆောက်)
11 January 2023
တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးသူ ၃၀၀ ကျော်ရှိကြောင်း Southern Monitor က ထုတ်ပြန်

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်းအတွင်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက အကြမ်းဖက်မှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ Southern Monitor က ပြုစုထားသော စာရင်းများအရ အရပ်သား သေဆုံးသူ ၃၃၅ ဦး ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၂၈ ဦး ရှိကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက အကြမ်းဖက်မှုကြောင့် သေဆုံးသူ ဦးရေမှာ ထားဝယ်ခရိုင်က မြို့နယ်အချို့တွင် အများဆုံးဖြစ်ကြောင်းလည်း Southern Monitor က ဖော်ပြထားသည်။

ထားဝယ်ခရိုင်တွင်းရှိ မြို့နယ်အလိုက် စာရင်းများထဲတွင် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်း မြို့နယ်များက အခြားမြို့နယ်များထက် အရပ်သားသေဆုံးမှု အရေအတွက်မှာ သိသိ သာသာ များပြားသည်ဟု ဖော်ပြထားပြီး အရပ်သား သေဆုံးသူ ဦးရေရဲ့ ၇၇ ရာခိုင်နှုန်းက အမျိုးသားများဖြစ်ကြပြီး ကျန် ၁၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးများဖြစ်ပြီး ကျန်သည့် ခုနစ်ရာခိုင်နှုန်းကိုမူ ကျား/မ ခွဲခြား ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

စစ်ကောင်စီဘက်က ကျူးလွန်ခဲ့သော အရပ်သား သေဆုံးမှုဖြစ်စဉ်များမှာ ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းတာ၊ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာချိန် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးထိမှန်လို့ သေဆုံးတာ၊ ဆိုင်ကယ်စီးသူများနှင့် သာမန် ပြည်သူများကို လုံခြုံရေးအကြောင်းပြချက်နှင့် ပစ်ခတ်သတ်ဖြတ်တာတွေ အများစု ပါဝင်ကြောင်း Southern Monitor က ပြုစုထားသော စာရင်းများ အရ သိရသည်။

ယင်းသို့ ဖမ်းဆီး ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက် ဒဏ်ရာ ရရှိသူများ သည် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့စည်းများဖြစ်သော ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့် အဖွဲ့အစည်းများက အများဆုံးကျူးလွန်သည့် ဖြစ်စဉ်များမှာ တက်ကြွလူငယ်များ၊ PDF အဖွဲ့ဝင်များရဲ့ မိသားစုဝင်များ၊ NLD ပါတီဝင်နှင့် ထောက်ခံသူများ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာဖြစ်ကြောင်း သိရသည်။

အလားတူ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များကလည်း ကျူးလွန်သော ဖြစ်စဉ်များထဲတွင်လည်း ပျူစောထီး၊ သွေးသောက်၊ စစ်တပ်သတင်းပေးဆိုသူများနှင့် အုပ်ချုပ်ရေးနှင့် ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ အချို့ ဖြစ်စဉ်များထဲတွင် မှားယွင်းသတ်ဖြတ်ခံရတာ မိသားစုဝင်များ ထိခိုက်သေဆုံးခြင်းနှင့် မှားယွင်းပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း Southern Monitor က ဖော်ပြထားသည်။

လက်ရှိ Southern Monitor က ပြုစုထားသော အရပ်သား သေဆုံးမှု စားရင်ထဲတွင် လက်နက်ကိုင်ဆောင်ထားသော စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO အဖွဲ့များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly