ကိုဗစ်ကန့်သတ်ချက်များ ချမှတ်ထားသည့် နိုင်ငံများအပေါ် တရုတ်အနေဖြင့် လက်တုံ့ပြန်ရန် အကြောင်းမရှိဟု အမေရိကန်ပြောကြား

ကိုဗစ်ကန့်သတ်ချက်များ ချမှတ်ထားသည့် နိုင်ငံများအပေါ် တရုတ်အနေဖြင့် လက်တုံ့ပြန်ရန် အကြောင်းမရှိဟု အမေရိကန်ပြောကြား

 

တရုတ်ခရီးသွားများအပေါ် ကိုဗစ်ကန့်သတ်ချက်များ ချမှတ်ထားသည့် အမေရိကန်နှင့် အခြားနိုင်ငံများကို တရုတ် အနေဖြင့် လက်တုံ့ပြန်ရန် အကြောင်းမရှိကြောင်းနှင့် ရောဂါကူးစက်မှု မြင့်တက်လာချိန်တွင် ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။

ကမ္ဘာ့နိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ကာကွယ်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်နေတာကို လက်တုံ့ ပြန်စရာ အကြောင်းမရှိပါဘူး။ ဒီဆုံးဖြတ်ချက်တွေက ပြည်သူ့ကျန်းမာရေးနဲ့ သိပ္ပံပညာအပေါ် အခြေခံထားပါတယ်ဟု  တရုတ်ခရီးသွားများအပေါ် ကန့်သတ်ချက်များချမှတ်ခြင်းနှင့် ပတ်သက်၍ အိမ်ဖြူ တော်ပြန်ကြားရေးအတွင်းရေးမှူး ကာရင်းယန်းပီရာက ပြောကြားခဲ့သည်။

ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကို ကျွန်မတို့က လိုက်နာတာဖြစ်ပြီး ဂျပန်၊ အိန္ဒိယ၊ ဗြိတိန်နဲ့ ပြင်သစ် တို့ကလည်း အလားတူ ဆောင်ရွက်ကြတာပါပဲ။

ဖြစ်နိုင်ခြေရှိတဲ့ မျိုးကွဲတွေကို ဖော်ထုတ်ဖို့လိုအပ်တဲ့အထောက်အထားအတွက် အရေးကြီးတဲ့အချက်အလက် တွေကို ထပ်မံထုတ်ပြန်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်ကို တောင်းဆိုထားပြီးပါပြီ။ ဒါက လက်တုံ့ ပြန်စရာ မလိုပါဘူး။ တခြားနိုင်ငံတွေမှာလဲ ကျွန်မတို့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်နေ တာပါ။ " ဟု သူမက ဆက်လက် ပြောကြားသည်။

အမေရိကန်က တရုတ်မှလာရောက်သူအားလုံးကို လေယာဉ်ပေါ်မတက်မီတွင် ကိုဗစ်-၁၉ စစ်ဆေးရန် လိုအပ် ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။

တယ်လီကျန်းမာရေးဝန်ဆောင်မှု၏အကူအညီဖြင့် ဓာတ်ခွဲစမ်းသပ်မှုများနှင့် ပဋိပစ္စည်းစမ်းသပ်မှုများ ပြုလုပ်နိုင်သည်ဟု ပြောသည်။

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေချိန်တွင် အမေရိကန်က တရုတ်မှရောက်ရှိလာသည့် ခရီးသွားများအားလုံးအပြင် ဟောင်ကောင်နှင့် မကာအိုမှ ရောက်ရှိလာသူများအား ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ် မည်ဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ကြေညာခဲ့သည်။

"ကူးစက်ရောဂါနှင့် ဗိုင်းရပ်မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကို တရုတ်က ပွင့်လင်းမြင်သာစွာ အစီရင်ခံ ခြင်းမရှိခြင်းကြောင့် တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေချိန်တွင် အမေရိကန်၌ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို နှေးကွေးစေရန် CDC က ယင်းအစီအစဉ်ကို ကြေညာခဲ့သည်။ " ဟု CDC မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သည် ဇန်နဝါရီ ၅ ရက်မှစတင်၍ နိုင်ငံတွင်းသို့ တရုတ်ခရီးသည်များ မဝင်ရောက်မီ ကိုဗစ်-၁၉ စစ်ဆေး ရန် လိုအပ်မည်ဖြစ်ကြောင်း CDC က ပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် ကျန်းမာရေးအချက်အလက်ကုမ္ပဏီ Airfinity က တရုတ်တွင် ကူးစက်မှုနှုန်းသည် တစ်ရက်လျှင် ၁ သန်းကျော်နှင့် သေဆုံးသူ ၅ ဝဝဝ ကျော်ရှိနိုင်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly