ဂျော်အိုဖေးလစ် ချယ်လ်ဆီးကို အငှားဖြင့် ပြောင်းရွှေ့ဖို နှုတ်အားဖြင့် သဘောတူညီမှု ရရှိ

ဂျော်အိုဖေးလစ် ချယ်လ်ဆီးကို အငှားဖြင့် ပြောင်းရွှေ့ဖို နှုတ်အားဖြင့် သဘောတူညီမှု ရရှိ
Photo: EPA

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်အို ဖေးလစ်ဟာ ချယ်လ်ဆီးအသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ Athletic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုတို့ ကနဦးအလိုရှိတာထက် ပြောင်းရွှေ့ကြေး ယူရို ၁၁ သန်း (ပေါင် ၉.၆၈ သန်း)အောက်သာ ပေးချေရဖွယ်ရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ပေါ်တူဂီသားရဲ့ ပြောင်းရွှေ့မှုကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေကြပေမယ့် အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာသာ သူ့နှလုံးသားကို ရှိထားပုံရပါတယ်။

အက်သလက်တီကိုအသင်း အမှုဆောင်ချုပ် Miguel Angel Gil Marin က ပြီးခဲ့တဲ့လက ဖေးလစ်ဟာ စပိန်ကလပ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

"ကျိုးကြောင်းဆီလျော်တဲ့ အရာက သူ (ဂျော်အို ဖေးလစ်) ထွက်ခွာမယ်လို့ ထင်မြင်တာပါပဲ"လို့ TVE ကို သူက ပြောပါတယ်။ "ကျနော် သူ့ကို ဆက်နေချင်ပေမယ့် ဒါက ကစားသမားရဲ့ စိတ်ကူးအကြံမဟုတ်ဘူးလေ။"

ဖေးလစ်ဟာ ရိုဂျစ်လန်ကို့စ်အတွက် ပွဲ ၂၀ တွင် ၅ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်ထားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာကို ၁-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်မှာလည်း သူ့ရဲ့ အသင်းကို ပွဲထွက်ကစားခဲ့ပါတယ်။

ဒီရာသီ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ ချယ်လ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဂျော်အိုဖေးလစ်ကို သဘောတူညီမှု မရရှိခင် ကစားသမားသစ် သုံးဦးကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ ဂျော်အိုဖေးလစ်တို့ရဲ့ အပြောင်းအရွှေ့ဟာ အငှားသီးသန့်သာဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်မယ့်အချက် မပါဝင်ဘူးလို့ သိရပါတယ်။

Ref;  The Indian Express

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly