တာလီဘန်များအနေဖြင့် အတိတ်က အမှားများမှ သင်ခန်းစာယူသင့်ကြောင်း Khaama သတင်းတွင် ဖော်ပြ

By ANI
10 January 2023
တာလီဘန်များအနေဖြင့် အတိတ်က အမှားများမှ သင်ခန်းစာယူသင့်ကြောင်း Khaama သတင်းတွင် ဖော်ပြ

အတိတ်ကအမှားများမှ သင်ခန်းစာယူခြင်းသည် တာလီဘန်အတွက် ပုံမှန်အခြေအနေပြန်ရောက်ရန်၊ စီးပွားရေး နာလန်ပြန်ထူရန်နှင့် ကမ္ဘာ့နိုင်ငံများမှ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင်ရာတွင် ကောင်းမွန်မှန်ကန်သည့် ဖြေရှင်းနည်းဟု ယူဆနိုင်ကြောင်း  Khaama သတင်းတွင် ဖော်ပြထားသည်။

တာလီဘန်တို့က ယမန်နှစ် ဒိုဟာငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် အတိတ်ကအမှားများမှ သင် ခန်းစာယူခဲ့သည်ဟု ပြောဆိုခဲ့ဆိုသည်။ တာလီဘန်က ၎င်းတို့သည် ယခုတစ်ကြိမ်တွင် နိုင်ငံအတွက် စိတ်စေတနာကောင်းဖြင့် ကာကွယ်စောင့်ရှောက်မည့်သူများဖြစ်ကြပြီး အာဖဂန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် မည်ကဲ့သို့ စွမ်းဆောင်နိုင်သည်ကို အနောက်နိုင်ငံများနှင့်ကမ္ဘာကို ပြသသွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ သာယာဝပြောရေးကို အလေးထားမည်ဟု ပြောကြားခဲ့သည်။

“တာလီဘန်များ ကဘူးလ်မြို့သို့ စတင်ဝင်ရောက်လာစဉ် လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် ထိပ်တိုက် တွေ့ဆုံခြင်းမရှိဘဲ အစစအရာရာ ရှောရှောရှူရှူဖြစ်ခဲ့သည်။ ပြည်သူများကလည်း အခြေအနေများ ပိုမိုကောင်းမွန်လာမည်ဟု အကောင်းမြင်ခဲ့ကြသည်။ သို့သော် အာဖဂန်နစ္စတန်၏ ကြားဖြတ်အစိုးရက အခြားတိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို အစိုးရအဖွဲ့တွင် မပါဝင်စေဘဲ ပိုမိုတင်းကျပ်သော အုပ်ချုပ်မှုပုံစံကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်လာခဲ့သည်” ဟု သတင်းတွင် ဖော်ပြထားသည်။

တာလီဘန်တို့သည် မိန်းကလေးကျောင်းများ ဖွင့်လှစ်ခြင်းကို ၁ နှစ် ရွှေ့ဆိုင်းခဲ့ပြီးနောက် အမျိုးသမီးများ တက္ကသိုလ်ပညာသင်ကြားခွင့်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်ခွင့်တို့ကို တားမြစ် ခဲ့သည်။ အာဖဂန်အမျိုးသမီးများအပေါ် နှစ်ဆတိုး နှိပ်ကွပ်မှုအတွက် အာဖဂန်နစ္စတန်ရှိ တာလီဘန်ဦးဆောင်သည့် အစိုးရကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

နိုင်ငံတကာမှ အပြင်းအထန်ကန့်ကွက်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက် တာလီဘန်တို့သည် နောက်ဆုံးတွင် အမိန့်ကိုပြင်ဆင်ပြီး အကူအညီပေးရေးအဖွဲ့အစည်းများတွင် အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆက်လက်ရင်ဆိုင်နေရသည့် အာဖဂန်တွင် နိုင်ငံသားအများစုသည် အကူအညီများအပေါ် မှီခိုနေရသည်။ အင်န်ဂျီအိုများတွင် လုပ်ကိုင်နေသည့် အမျိုးသမီးဝန်ထမ်းများကို တားမြစ်ပြီးနောက် အာဖဂန်နစ္စတန်တွင် အကူအညီ ပေးနေသည့်အဖွဲ့တချို့သည် ၎င်းတို့ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။

“အာဖဂန်အာဏာပိုင်များ၏ ရှေးရိုးဆန်သော လတ်တလောဆောင်ရွက်ချက်များသည် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အမျက်ဒေါသထွက်စေခဲ့ပြီး တိုင်းပြည်ကို နောက်တစ်ဖန် အထီးကျန်သွားစေနိုင်ကြောင်း Khaama သတင်းတွင် ဖော်ပြထားသည်။

“တာလီဘန်ကြားဖြတ်အစိုးရကို ယခုအချိန်အထိ မည်သည့်နိုင်ငံကမှ အသိအမှတ်ပြုခြင်းမရှိသေးသည့်အချက်မှာ အာဏာရတာလီဘန်တို့အတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သည်။ ပြည်တွင်း တရားဝင်မှု သို့မဟုတ် ပြင်ပအသိအမှတ်ပြုမှု မခံရသည့်အပြင် တင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်ခြင်းသည် လက်ရှိအခြေအနေကို ကောင်းမွန်လာစေမည်မဟုတ်” ဟု ဆိုသည်။

တာလီဘန်တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက  နိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ပြည်သူ အများအပြားသည် ငတ်မွတ်ခေါင်းပါးမှုနှင့် အခြေခံအသုံးအဆောင်များ ရှားပါးမှုကို ရင်ဆိုင်နေကြရသည် ဟု TOLO သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly