ပြင်သစ်နည်းပြအဖြစ် ဒီဒီယာ ဒက်စ်ချမ့် ၂၀၂၆ ကမ္ဘာ့ဖလားအထိ ဆက်ရှိနေမည်ဖြစ်

ပြင်သစ်နည်းပြအဖြစ် ဒီဒီယာ ဒက်စ်ချမ့် ၂၀၂၆ ကမ္ဘာ့ဖလားအထိ ဆက်ရှိနေမည်ဖြစ်
Photo: EPA

ဒီဒီယာ ဒက်စ်ချမ့်ဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး နှစ်ကြိမ်ရဲ့ ဗိုလ်လုပွဲကို ပို့ဆောင်ပေးပြီးနောက် သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားအထိ အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ စနေနေ့က ပြောပါတယ်။

ကာတာမှာ ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်တို့ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့အပြီး ဒက်စ်ချမ့်ရဲ့ စာချုပ်ဟာ သက်တမ်းကုန်းဆုံးခဲ့တာပါ။

သတင်းတွေဖော်ပြချက်အရ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ နိုအဲလီဂရက်ဒ်ဟာ ဒက်စ်ချမ့်ကို ၂၀၂၄ ဥရောပဖလားအထိ နှစ်နှစ်ပဲ သက်တမ်းတိုးပေးလိုပေမယ့်လည်း နည်းပြက အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်တာဝန်ယူဖို့ အခိုင်အမာပြောဆိုထားပါတယ်။

"ကျနော့်အတွက် ဝမ်းသာစရာကြီး တစ်ခုခုကို ကြေညာတော့မှာပါ။ အဲဒါက ဥက္ကဋ္ဌက (ကျနော့်စာချုပ်) ၂၀၂၆ အထိ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်တယ်။"လို့ ဒက်စ်ချမ့်က FFF အထွေထွေညီလာခံမှာ ပြောပါတယ်။

"သူရဲ့အဆက်မပြတ် ထောက်ခံပေးမှုနဲ့ ကျနော့်ကို သူဆက်လက်ယုံကြည်မှုအတွက် ဥက္ကဋ္ဌကို ကျေးဇူးတင်တယ်"လို့ ဒက်စ်ချမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ "ဒါဟာ ပြင်သစ်အသင်း ကောင်းကောင်း လုပ်ဆောင်ဖို့အတွက်က မရှိမဖြစ်လိုအပ်ပါတယ်။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly