တရုတ်က တောင်တရုတ်ပင်လယ်ရှိ ပိုင်ရှင်မဲ့ကျွန်းများတွင် မြေယာဖော်ဆောင်မှုများလုပ်ဆောင်နေ

By ANI 
08 January 2023
တရုတ်က တောင်တရုတ်ပင်လယ်ရှိ ပိုင်ရှင်မဲ့ကျွန်းများတွင် မြေယာဖော်ဆောင်မှုများလုပ်ဆောင်နေ

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ အယ်လ်ဒက်သန္တာကျောက်တန်း၊ ဝှစ်ဆန်းသန္တာကျောက်တန်း၊ လန်ကီအန်ကေးနှင့် ဆန်ဒီကေးကဲ့သို့သော စပရတ်လေကျွန်းစု၏ ပိုင်ရှင်မဲ့ကျွန်းများတွင် မြေယာဖော်ဆောင်မှုများ ပြုလုပ်နေကြောင်း The Hongkong Post သတင်းတွင် ဖော်ပြထားသည်။

စပရတ်လေကျွန်းများသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိသည့် ကျွန်းစုဖြစ်သည်။
အမေရိကန်အရာရှိများ၏ ဂြိုဟ်တုဓာတ်ပုံအထောက်အထားများအရ စပရတ်လေကျွန်းများတစ်ဝိုက်တွင် ကုန်းမြေဖွဲ့စည်းပုံ အသစ်များကို တွေ့မြင်ရသည်။ ကျွန်းများအနီးတွင် မြေတူးစက်တင်ထားသည့် တရုတ်သင်္ဘော ၁ စင်း လှုပ်ရှားနေသည်ကိုလည်း တွေ့ရသည်။
တရုတ်သည် စပရတ်လေကျွန်းစုရှိ ကျွန်း ၇ ကျွန်းနှင့် ကျောက်ဆောင်များကို သိမ်းပိုက်ထားသည်။ တရုတ်က ယင်းကျွန်းများတွင် လေယာဉ်ပြေးလမ်းများ၊ ဆိပ်ကမ်းများ၊ ရေဒါစနစ်များဖြင့် စစ်ရေးတည်ဆောက်နေသည်။
သဘာဝဓာတ်ငွေ့နှင့် သတ္တုသိုက်များ ကြွယ်ဝသည်ဟု ယူဆရသည့် ယင်းကျွန်းစုများကို တရုတ်က အားလုံး ပိုင်ဆိုင်ကြောင်း ပြောကြားနေသလို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန (DFA) က စပရတ်လေကျွန်းများတွင် တရုတ်၏ လုပ်ဆောင်မှုများကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 
တရုတ်၏လှုပ်ရှားမှုများသည် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်ကြေညာစာတမ်းနှင့် ၂၀၁၆ ခုနှစ် ခုံသမာဓိဆုံးဖြတ်ချက်ကို ချိုးဖောက်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly