နောက်ထပ်နျူစမ်းသပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်အမိန့်ပေး

နောက်ထပ်နျူစမ်းသပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်အမိန့်ပေး

ဆိုးလ်၊ မတ် ၁၁ ။           ။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် ၎င်း၏ သိပ္ပံပညာရှင်များက တီထွင်ထားသည် ဆိုသည့် သေးငယ်အောင်ပြုလုပ်ထားသော   နျူကလီးယားထိပ်ဖူးများ သုံးလျက် နောက်ထပ်နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ရန် အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက မတ် ၁၁ တွင် အစီအရင်ခံလိုက်သည်။

အသစ်ထုတ်လုပ်လိုက်သည့် နျူကလီးယားထိပ်ဖူးများ၏ အဖျက်စွမ်းအားကို ခန့်မှန်းရန် နောက်ထပ်နျူကလီးယားဖောက်ခွဲစမ်းသပ်မှုများပြုလုပ်မှု၏ အရေးပါမှုကို မစ္စတာကင်က အလေးအနက်ပြောကြားသည်။ မတ် ၁၀က ပဲ့ထိန်းဒုံးပစ်လွှတ်မှုအား ကြီးကြပ်စဉ် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု   မြောက်ကိုရီးယားနိုင်ငံပိုင်   ကေစီအဲန်အေသတင်းအေဂျင်စီက   ဖော်ပြခဲ့သည်။ မတ် ၉ကလည်း နျူကလီးယားနည်းပညာရှင်များထံ ကင်သွားရောက်လည်ပတ်ကာ သေးငယ်အောင်ပြုလုပ်ထားသည်ဆိုသည့် နျူထိပ်ဖူးဘေး ရပ်နေပုံတို့ကို နိုင်ငံပိုင်မီဒီယာက   ဖော်ပြခဲ့သည်။

ယင်းသို့လာရောက်စဉ် ကင်က ၎င်း၏သိပ္ပံပညာရှင်များသည် ပဲ့ထိန်းဒုံးတွင် တပ်ဆင်၍ရအောင် နျူထိပ်ဖူးများကို ချုံ့သည့်လုပ်ငန်းစဉ်အား ကျွမ်းကျင်နေပြီဟုလည်း ပြောကြားခဲ့သည်။ ယင်းသို့လုပ်ဆောင်နိုင်ပါက မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အခြားနိုင်ငံများသာမက နောက်ဆုံးတွင် အမေရိကန်ကိုပင် ခြိမ်းခြောက်နိုင်ကြောင်း ပြသနေသည်။

ကေစီအဲန်အေ၏ ဖော်ပြချက်အရ နိုင်ငံ၏ အရှေ့ပိုင်းကို ဖြတ်လျက် အရှေ့ပင်လယ်( ဂျပန်ပင်လယ်)ထဲသို့ ကျသွားစေသည့် မတ် ၁၀က တာတိုပစ် ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်မှုသည် ကျူးကျော်သည့် တပ်ဖွဲ့ဝင်များကို နျူလက်နက်ဖြင့် တန်ပြန်တိုက်ခိုက်မှုပါသည့် စစ်ရေးလေ့ကျင့်မှုတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည်။

ယင်းလေ့ကျင့်မှုမှာ ကျူးကျော်ရန်အတွက် ဇတ်တိုက်နေခြင်းဟု မြောက်ကိုရီးယားက ရှုမြင်နေသည့် တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။

တောင်ကိုရီးယား-အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယားပိုင်နက်ထဲမှ သစ်ပင်တစ်ပင်ထိခိုက်လျင်ပင် နျူလက်နက်ဖြင့် ချက်ခြင်းတိုက်ခိုက်မည်ဟု အစောပိုင်းက ခြိမ်းခြောက်မှုတစ်ခုကိုပင် မစ္စတာကင်က ထပ်မံပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဇန်နဝါရီက ၎င်း၏ စတုတ္ထမြောက်နျူစမ်းသပ်ခြင်း၊ လွန်ခဲ့သည့်လက တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပြုလုပ်ခြင်းတို့ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုမြင့်တက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly