မြန်မာဂျာနယ်လစ်ကွန်ရက်က မိတ်ဖက်အဖွဲ့များ အင်အားကောင်းစေရန် တိုက်တွန်းနှိုးဆော်

မြန်မာဂျာနယ်လစ်ကွန်ရက်က မိတ်ဖက်အဖွဲ့များ အင်အားကောင်းစေရန် တိုက်တွန်းနှိုးဆော်

ရန်ကုန် မတ် ၁၀ ။           ။ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က အစိုးရသစ်မဖွဲ့မှီ မိတ်ဖက်အဖွဲ့များ အားကောင်းစေရန် အမှုဆောင်အဖွဲ့များပြန်လည်ဖွဲ့စည်းခြင်းနှင့် အဖွဲ့အစည်းအင်အားတောင့်တင်းပြီး ကျစ်လျစ်စွာဖွဲ့ စည်းထားကြပါရန် တိုက်တွန်းနှိုးဆော်သည့် စာတစ်စောင်ယနေ့ထုတ်ပြန်ခဲ့သည်။

သတင်းသမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး အကာအကွယ်ပေးနိုင်ရန် သတင်းမီဒီယာသမားများ စုစည်းညီညွတ်ရန်လိုအပ်ပြီး အခက်အခဲတစ်စုံတရာကြုံလာပါက စုပေါင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်နိုင်လျှင် ကျော်လွှားနိုင်မည်ဟု ဖော်ပြထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်၏ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ''နယ်တွေမှာ ကွန်ရက်ဖွဲ့ပြီးသားတွေ ရှိတယ်၊ မဖွဲ့ရသေးဘဲ ဖွဲ့ဖို့လုပ်နေတဲ့နယ်တွေလဲရှိတယ်။ ကိုယ့်အဖွဲ့တွေ ကျစ်ကျစ်လစ်လစ် ပြန်စုစည်း ထားကြဖို့ အမှုဆောင်တွေပြန်ရွေးကြဖို့ တိုက်တွန်းတာပါ။ တစ်ခုခုဖြစ်လာရင် ကိုယ်တစ်ဦးတည်း တောင်းဆိုတာထက် အဖွဲ့အစည်းအနေနဲ့တောင်းဆိုတာက ပိုထိရောက်တယ်လေ။ ဒါကြောင့် ပြန်စုစည်း ကြဖို့တိုက်တွန်းတာပါ။'' ဟု မဇ္ဈိမသို့ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်အနေဖြင့် နိုင်ငံတဝှမ်းလုံးရှိ ကွန်ရက်များနှင့် ချိတ်ဆက်ကာ သတင်းသမားများနှင့်သက်ဆိုင်သည့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများ၊ သတင်းသမားများနှင့် သက်ဆိုင် သည့် ဥပဒေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ အကြံဉာဏ်တောင်းခံခြင်းများကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ယင်းတိုက်တွန်း စာတွင် ရေးထားသည်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များနှင့် မီဒီယာများကြား ပွတ်တိုက်မှုများဆက်လက်ရှိနေဦးမည်ဖြစ်ပြီး မီဒီယာသမားများကို ခြိမ်းခြောက်မှုများ၊ ခုတုံးလုပ်မှုများနှင့် ကျင့်ဝတ်ဆိုင်ရာစိမ်ခေါ်မှုများလည်း ရှိလာနိုင်သောကြောင့် သတင်းသမားများနှင့် သက်ဆိုင်သည့်အခွင့်အရေးများ၊ အခက်အခဲပြဿနာများဖြေရှင်းရာတွင် အားကောင်းကျစ်လျစ်သည့် သတင်းသမားအစုအဖွဲ့များသည် အရေးပါလာမည်ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်နှင့် ချိတ်ဆက်၍ မွန်၊ ကရင်၊ တနင်္သာရီပူးပေါင်းထားသော တောင်ပိုင်းမြန်မာဂျာနယ်လစ်ကွန်ရက်၊ မုံရွာကွန်ရက်၊ လားရှိုးကွန်ရက်၊ မကွေးကွန်ရက်၊ ပဲခူးကွန်ရက်၊ ရခိုင်ကွန်ရက်တို့ ဖွဲ့စည်းထားပြီး အသစ်ထပ်မံဖွဲ့စည်းမည့် ပြည်နယ်နှင့်တိုင်းများလည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly