နယ်မြေပိုင်ဆိုင်မှုတောင်းဆိုရေးဆိုင်ရာ သမိုင်းအချက်အလက်များ ပြန်လည်ပြင်ဆင်ရေး တရုတ် အာရုံစိုက်နေ

By ANI 
03 January 2023
နယ်မြေပိုင်ဆိုင်မှုတောင်းဆိုရေးဆိုင်ရာ သမိုင်းအချက်အလက်များ ပြန်လည်ပြင်ဆင်ရေး တရုတ် အာရုံစိုက်နေ

တရုတ်သည် ရေနှင့် ကုန်းနယ်နိမိတ်များတစ်လျှောက် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုရေးအတွက် သမိုင်းကြောင်းများ ထပ်မံပြင်ဆင်ရေးကို အလေးထားလုပ်ဆောင်နေကြောင်း HK Post က ဖော်ပြလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် အာဏာရှင်အစိုးရများကဲ့သို့ပင် သမိုင်းကြောင်းပြန်လည်ရေးသားခြင်းအပေါ် များစွာ အားထုတ်နေပြီး ယင်းသည် ကမ္ဘာတွင် အာဏာရလာမှုနှင့် အနေအထားခိုင်မာရေးအတွက် ကြိုးပမ်းနေသော နိုင်ငံရေးသဘောတရားဇာတ်ကြောင်းများအတွက် အလွန်အရေးကြီးလှသည်။
ကျန်းကျွမ်းဟု ခေါ် သော အံ့သြဖွယ်ရှေးခေတ်ဘုရင့်နိုင်ငံတော်တည်ရှိရာ ဟိမဝန္တာတောင်တန်းများနှင့် တရုတ်အနောက်တောင်ဘက်နယ်စပ်ကို  တရုတ်က အထူးအာရုံစိုက်လာသည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် တိဗက်အနောက်ပိုင်းတွင် ကျန်းကျွမ်းနှင့် ပတ်သက်သည့် သုတေသနနှင့် တူးဖော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသော်လည်း တရုတ်ပြင်ပတွင် ယင်းအကြောင်းကို လေ့လာမှုအားနည်းကြကြောင်း အိန္ဒိယ၏ ဟိမဝန္တာဒေသ လာဒက်ပြည်နယ်မှ ယဉ်ကျေးမှုကျွမ်းကျင်သူများနှင့် ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြားခဲ့သည်။
ကျန်းကျွမ်း၏ နယ်နိမိတ်သတ်မှတ်ချက်များကို ပညာရှင်များက သဘောမတူကြပေ။ အချို့က အဆိုပါဒေသတွင် လာဒက်၊ နီပေါ၊ အနောက်တိဗက်နှင့် ဂီဂစ်လ်ဘောလ်တစ္စတန် ဟုခေါ်သော နယ်မြေများပါဝင်သည်ဟု ဆိုကြသည်။
တချို့ကလည်း  ယင်းနယ်မြေသည် ထိုမျှလောက်ကျယ်ပြန့်ခြင်းမရှိဘဲ နီပေါ၏ အနောက်မြောက်ထောင့်နှင့် လာဒက်တစ်စိတ်တစ်ပိုင်းထိသာ ပါဝင်သည်ဟု ဆိုကြသည်။ တိဗက်နှင့် ကျန်းကျွမ်းသည် တစ်ချိန်က လွတ်လပ်သောနိုင်ငံများဖြစ်ကြောင်း အချို့က ဆိုကြသည်။
ကျန်းကျွမ်းနှင့် ပတ်သက်ပြီး သိကြသည့် တစ်ခုတည်းသော အချက်မှာ ယင်းသည် မျက်မှောက်ခေတ် တိဗက် ဒေသတွင် တည်ရှိခဲ့သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း တိဗက်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။
သို့သော် တရုတ်အစိုးရ၏ ရည်မှန်းချက်များအတွက် အမှန်တရားနှင့် သမိုင်းဆိုင်ရာ တိကျမှုသည် အရေးမကြီး လှပေ။
ယင်းနိုင်ငံတော်သည် တရုတ်က လတ်တလော သြဇာလွှမ်းမိုးရန် ကြိုးစားနေသည့် ယဉ်ကျေးမှုနှင့် ပထဝီရေးရာမဟာဗျူဟာမြောက်ဒေသများနှင့် ဆက်စပ်နေသောကြောင့် တရုတ်အတွက် အရေးကြီးလှသည်။
တရုတ်သည် ထိုဒေသအား ပိုင်ဆိုင်ကြောင်းကာကွယ်ပြောဆိုရန် ကျန်းကျွမ်း၏ မူလဇာစ်မြစ်ကို တိဗက်နှင့် ချိတ်ဆက်ထားသည်။ 
တစ်နည်းဆိုရသော် ကျန်းကျွမ်းသည် တိဗက်၏ ဇာစ်မြစ်ဖြစ်ပြီး တိဗက်သည် တရုတ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါက ကျန်းကျွမ်းနှင့် နီပေါ၊ အိန္ဒိယနှင့် ပါကစ္စတန်တို့၏ အစိတ်အပိုင်းများအားလုံး တရုတ်ပိုင်ဆိုင်ကြောင်း ပြောဆိုလာနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly