အာဖဂန်အမျိုးသမီးနှင့်မိန်းကလေး ၁၁.၆ သန်းခန့် အရေးပါသောအကူအညီများ မရရှိတော့ ဟု အမေရိကန်သံတမန် ပြောကြား

By ANI
03 January 2023
အာဖဂန်အမျိုးသမီးနှင့်မိန်းကလေး ၁၁.၆ သန်းခန့် အရေးပါသောအကူအညီများ မရရှိတော့ ဟု အမေရိကန်သံတမန် ပြောကြား

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရာတွင် အမျိုးသမီးများပါဝင်မှုကို တားမြစ်သည့် တာလီဘန်၏ ဆုံးဖြတ်ချက်ကြောင့် အာဖဂန်ရှိ အမျိုးသမီးနှင့် မိန်းကလေးပေါင်း ၁၁ ဒသမ ၆ သန်းခန့်သည် အရေးပါသောအကူအညီများ မရရှိတော့ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံတမန် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ဒီဇင်ဘာ ၃၁ ရက်က ပြောကြားလိုက်သည်။
“လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးရာမှာ အမျိုးသမီးတွေပါဝင်တာကို တားမြစ်တဲ့ တာလီဘန်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆိုးရွားတဲ့အကျိုးဆက်တွေကို ခံစားနေကြရပြီးဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ သတင်းအချက်အလက်တွေအရ အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ၁၁ ဒသမ ၆ သန်းဟာ အရေးပါတဲ့အကူအညီတွေ ရကြတော့မှာမဟုတ်ပါဘူး။ ဒီလို အန္တရာယ်များပြီး ဖိနှိပ်တဲ့တားမြစ်ချက်ကို ပယ်ဖျက်ရပါမယ်” ဟု သောမတ်စ်ဂရင်းဖီးလ်က တွစ်တာတွင် ရေးသားထားသည်။
တာလီဘန်တို့က အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) တွင် အမျိုးသမီးများအလုပ်လုပ်ခြင်းကို တားမြစ်သည့်အမိန့်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နောက်ထပ် ကြေညာချက်မထွက်မချင်း အမျိုးသမီးများအနေဖြင့် တက္ကသိုလ်တက်ရောက်ခြင်းနှင့် အထက်တန်းတက်ရောက်ခြင်းများကို  ဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့ပြီးနောက် အင်န်ဂျီအိုများတွင် အမျိုးသမီးများပါဝင်ခြင်းအား တားမြစ်လာခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ၏ မိတ်ဖက် အင်န်ဂျီအိုအဖွဲ့ ၁၉ ဖွဲ့နှင့် အလုပ်တွဲလုပ်နေသော အမျိုးသမီးဝန်ထမ်း ၅၀၀ ကျော်သည်  အမျိုးသမီးနှင့် မိန်းကလေး ၁ သန်းနီးပါးကို ဝန်ဆောင်မှုပေးနေကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောသည်။ လတ်တလော ကန့်သတ်ချက်များက  အထူးသဖြင့် အမျိုးသမီးနှင့်ကလေးငယ်များကို အကူအညီပေးနေသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏  အရေးပါသည့် လုပ်ငန်းများကို ယာယီရပ်ဆိုင်းသွားစေလိမ့်မည်။
အမျိုးသမီးဝန်ထမ်းများသည် အရေးပါသည့် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးသည့်အပြင် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ သန်းပေါင်းများစွာ အပါအဝင် ဆယ်စုနှစ် ၄ ခုကြာ ပဋိပက္ခနှင့် နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကို ခံစားခဲ့ရသည့် အာဖဂန်ပြည်သူများအတွက် အခက်အခဲများဖြေရှင်းရန် ရှေ့တန်းမှ ပါဝင်နေသည်။
အာဖန်ဂန်နစ္စတန်တွင် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၄ သန်းရှိပြီး ပြည်ပတွင် ဒုက္ခသည်အဖြစ် နေထိုင်ရသူ ၂ ဒသမ ၉ သန်းရှိကြောင်း ကုလသမဂ္ဂက ပြောသည်။
အာဖဂန်နစ္စတန်ပြည်နယ် ၃၄ ခုမှ  အမျိုးသမီးများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လနောက်ပိုင်း အာဖဂန်ပြည်သူ ၆ သန်းကျော်ထံ အကူအညီများရောက်နိုင်အောင် UNHCR အား ကူညီပေးနိုင်ခဲ့သည်။ အမျိုးသမီးများနှင့်ပတ်သက်သည့် အခြားသော တားမြစ်ချက်များကဲ့သို့ပင် ယခုအမိန့်အသစ်သည်လည်း လူဦးရေ သန်း ၄၀ ခန့်ရှိသည့် အာဖဂန်ပြည်သူများကိုသာ ထိခိုက်နစ်နာစေလိမ့်မည်။ 
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့ကာတားက အမျိုးသမီးနှင့် မိန်းကလေးအားလုံး၏ အခွင့်အရေးကို ပစ်မှတ်ထားသည့် မူဝါဒများကို ပယ်ဖျက်ပေးရန် တာလီဘန်တို့ကို ယခုသီတင်းပတ်၌ တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက အမျိုးသမီးနှင့် မိန်းကလေးအားလုံး၏ အခွင့်အရေးကို အလေးထား အကာအကွယ်ပေးရန်  တာလီဘန်အာဏာပိုင်များအား တိုက်တွန်းခဲ့သည်။။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly