ယခုနှစ်မေလတွင်ကျေးရွာပေါင်း၂၀၀၀ကျော်ကလယ်သမားများကိုငွေချေးပေးမည်

ယခုနှစ်မေလတွင်ကျေးရွာပေါင်း၂၀၀၀ကျော်ကလယ်သမားများကိုငွေချေးပေးမည်

စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နိုင်ရန်အတွက် ယခု၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း လာမည့် မေလကစပြီး မြန်မာတစ်နိုင်ငံလုံးက ကျေးရွာပေါင်း၂၁၀၇ရွာကို ချေးငွေထုတ်ချေးသွားမည်ဖြစ်ကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။

ချေးငွေကို နှစ်စဉ်ထုတ်ချေးပေးနေကျဖြစ်သည့် မြစိမ်းရောင်စီမံကိန်းအနေဖြင့် မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးပေးတာဖြစ်ပြီး ကျေးရွာတစ်ရွာကို ကျပ်သိန်း ၃၀၀ နှုန်းဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် ၆၀ရာခိုင်နှုန်းထိ ချေးပေးသွားမည်ဟု ညွှန်ကြားရေးမှူးချုပ ်ဦးခန့်ဇော်က ပြောသည်။

ဦးခန့်ဇော်က "မွေးမြူရေးလုပ်ငန်းရော စိုက်ပျိုးရေးလုပ်ငန်းအတွက်ပါ ချေးပေးမှာပါ။ မြစိမ်းရောင်စီမံကိန်းအနေနဲ့ ကျေးရွာပေါင်း ၂၁၀၀ကျော်ကို တစ်ရွာကို ကျပ်သန်း၃၀နှုန်းစီ ချေးပေးမှာပါ။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေပိုများမယ်” ဟု ပြောသည်။

ချေးငွေထုတ်ချေးပေးမည့် မြို့နယ်၊ ကျေးရွာများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်အလိုက် ချေးငွေထုတ်ပေးရေးကော်မတီများဖွဲ့ကာ ရွေးချယ်သွားမှာဖြစ်ပြီး အတိုးနှုန်းကို ကျပ်ငါးမူးမှတစ်ကျပ်ခွဲထိ သတ်မှတ်ထားပြီး ငွေချေးခွင့်ရမည့်သူနှင့်ချေးခွင့်ရမည့်အချိန်ကာလကို ကော်မတီများ၏ဆုံးဖြတ်ချက်အရ ခြောက်လမှ တစ်နှစ်အထိ သတ်မှတ်ထားကြောင်းသိရသည်။

ယင်းက "သူ့ရဲ့ရွေးချယ်ပုံရွေးချယ်နည်းက မြို့နယ်အလိုက်ကျတော့ အစည်းဝေးထိုင်ပြီးတော့မှ ရွေးရတာဗျ။ ဘယ်မြို့နယ်ကဘယ်နှစ်ရွာ၊ ဘယ်ရွာကိုဘယ်လိုရွေးတယ်ဆိုတာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စာလှယ်တွေ အစည်းဝေးထိုင်ပြီးတော့မှ ပြန်ရွေးတာဗျ။ ချေးတာလည်း အဲ့ဒီတိုင်းပဲ အဲ့ကော်မတီက ဆုံးဖြတ်ပေးတယ်ဗျ။” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် သြဂုတ်လအတွင်းက ရေနစ်မြုပ်မှုကြောင့် လယ်မြေဧကပေါင်း ၅ သိန်းကျော် ပျက်စီးခဲ့ရာမှာ ဧကတစ်သိန်းကျော်သာ ပြန်လည်စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်သမားများကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှလည်း ချေးငွေများထုတ်ချေးပေးရန် စီစဉ်နေသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ်ဆန်စပါးတင်းပေါင်း ၁၄ သန်းကျော်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ ၁၂ သန်းဝန်းကျင်ရှိပြီး ပြည်ပသို့တရားဝင်၊ တရားမဝင်လမ်းကြောင်းများမှ နှစ်စဉ်၃သန်းနီးပါးတင်ပို့နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly