ပါကစ္စတန်တွင် နောက်ထပ်ကိုဗစ်လှိုင်းအတွက် အသင့်ပြင်ဆင်ထားမှု မရှိသေးဟု ပြည်တွင်းမီဒီယာက ထောက်ပြ

ပါကစ္စတန်တွင် နောက်ထပ်ကိုဗစ်လှိုင်းအတွက် အသင့်ပြင်ဆင်ထားမှု မရှိသေးဟု ပြည်တွင်းမီဒီယာက ထောက်ပြ

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအခြေအနေကို အသေအချာ စောင့်ကြည့်လျက်ရှိကြောင်း နိုင်ငံ၏ ကပ်ရောဂါ ထိန်းချုပ်တားဆီးရေးဆိုင်ရာ ကွပ်ကဲမှုနှင့် စီမံလုပ်ဆောင်ရေး စင်တာ (NCOC) က ထုတ်ထားသော်လည်း အဆိုပါနိုင်ငံတွင် နောက်ထပ် ဖြစ်နိုင်ခြေရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုလှိုင်းကို တားဆီး ရန် ကောင်းစွာ အသင့်ပြင်ထားနိုင်ခြင်း မရှိသည့်ပုံပေါ်နေကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် Dawn သတင်းစာက ဖော်ပြသည်။

အဆိုပါနိုင်ငံ၏ လေဆိပ်များတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်များကို စစ်ဆေးရန် ပြည်တွင်းသို့ ဝင်လာသည့် ခရီးသွားများကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းနှင့် ဗိုင်းရပ်စ် အမြန်စစ်ဆေးမှုနည်းလမ်းကဲ့သို့ ကြိုတင်ကာကွယ်မှု အစီအမံများ နေရာတကျ ရှိမနေကြောင်း အဆိုပါ မီဒီယာက ဖော်ပြသည်။

နိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁၅ ဦး တွေ့ရှိကြောင်း ထုတ်ဖော်ခဲ့သည့် ပါကစ္စတန် နိုင်ငံတော် ကျန်းမာရေးအဖွဲ့အစည်း၏ အစီရင်ခံစာတစ်ရပ်ကို အဆိုပါ သတင်းစာက ကိုးကားဖော်ပြသည်။

ပိုးတွေ့မှုနှုန်းက ၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပြီး လူနာ ၁၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

လက်ရှိအချိန်အထိ ကိုဗစ် စစ်ဆေးမှုပေါင်း ၃၇၄၉ ခုကို လုပ်ဆောင်ထားပြီး အစ္စလမ်မာဘတ်တွင် ၄၀၆ ခု၊ ဖိုင်ဆဲလာဘတ်တွင် ၁၀၇ ခု၊ လာဟိုးတွင် ၉၂၀ ခုနှင့် ပက်ရှာဝါတွင် ၃၂၁ ခုတို့ ပါဝင်သည်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတွင် ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းနေခြင်းကြောင့် NCOC အနေဖြင့် လမ်းညွှန်ချက်သစ်များနှင့် အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ရလိမ့်မည် ဖြစ်ကြောင်း လွတ်လပ်သော ကျွမ်းကျင်ပညာရှင်တို့က ယုံကြည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly