ပါကစ္စတန်တွင် TTP အဖွဲ့ ပြန်လည်ခေါင်းထောင်လာခြင်းက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကြောင့်ဟု စီးပွားရေးဝန်ကြီးက စွပ်စွဲ

ပါကစ္စတန်တွင် TTP အဖွဲ့ ပြန်လည်ခေါင်းထောင်လာခြင်းက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကြောင့်ဟု စီးပွားရေးဝန်ကြီးက စွပ်စွဲ

ပါကစ္စတန်နိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ ပြန်လည်ခေါင်းထောင်လာခြင်းက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကြောင့် ဖြစ်ကြောင်း လက်ရှိ ဖက်ဒရယ်အစိုးရ၏ စီးပွားရေးဝန်ကြီး အယက်ဇ် ဆာဒစ်က စွပ်စွဲလိုက်ပြီး အီမရန် ခန်း ဦးဆောင်သည့် ယခင် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) အစိုးရက TTP အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်ခဲ့ခြင်းက အဆိုပါ တာလီဘန်အဖွဲ့ကို ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်စေခဲ့ပြီး ထိုအဖွဲ့သည် နိုင်ငံတွင် ၎င်းတို့၏ လှုပ်ရှားသည့် ဧရိယာနှင့် လှုပ်ရှားမှုများကို တိုးမြှင့်နိုင်ခဲ့သည်ဟု ဆာဒစ်က ပြောကြားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ယမန်နှစ်က PTI အစိုးရက TTP အဖွဲနှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင်ခဲ့ခြင်းနှင့် နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကို ရည်ညွှန်းပြီး PML-N (ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ်) ပါတီခေါင်းဆောင်က ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပါကစ္စတန် တာလီဘန်တို့နှင့် ဆွေးနွေးမှုများ လမ်းဖွင့်လုပ်ဆောင်သည့် အီမရန် ခန်း၏ မဟာဗျူဟာ ရလဒ်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

“အီမရန် ခန်းဟာ သူအာဏာရချိန်မှာ အကြမ်းဖက်မှုကို မထိန်းချုပ်ခဲ့ပါဘူး။ အဲဒီအစား သူဟာ ပက်ရှာဝါ စစ်တပ်စာသင်ကျောင်းက ကလေးတွေကို သတ်ဖြတ်ခဲ့တဲ့ အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ခုကျတော့ အဲဒီလို ညှိနှိုင်းဆွေးနွေးမှုတွေကြောင့်ပဲ နိုင်ငံမှာ အကြမ်းဖက်မှု လှိုင်းသစ်တစ်ခုက ပြန်ပေါ်လာခဲ့ပါပြီ” အယက်စ် ဆာဒစ်က ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ထို့ပြင် ပါကစ္စတန် နိုင်ငံတော် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့ (Nacta) က အထက်လွှတ်တော် ပြည်ထဲရေးဆိုင်ရာ အမြဲတမ်းကော်မတီသို့ တင်သွင်းသည့် အစီရင်ခံစာတစ်စောင်တွင်လည်း နိုင်ငံတဝန်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်ခြင်းအတွက် TTP နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ် ပြစ်တင်ခဲ့သည်။

“ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လုပ်ငန်းစဉ်ကာလအတွင်းမှာ တီတီပီဟာ အတော်အတန် အရှိန်ရခဲ့သလို သူတို့ရဲ့ လှုပ်ရှားမှု ဧရိယာနဲ့ လှုပ်ရှားမှုတွေရဲ့ အတိုင်းအတာတွေက ကြီးထွားလာခဲ့တယ်” Nacta ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာခြင်းကလည်း TTP ၏ လှုပ်ရှားမှုများကို တွန်းအားဖြစ်စေခဲ့ပြီး အာဖဂန်နစ္စတန်တွင် အဆိုပါ TTP အဖွဲ့၏ အခြေပြုမှုက နဂိုမူလအတိုင်း ပြန်ရှိသွားခဲ့သည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required