အိန္ဒိယ၏ ကိုဗစ်သောက်ဆေးများကို တရုတ်မှောင်ခိုဈေးကွက်တွင် ရောင်းချနေ

အိန္ဒိယ၏ ကိုဗစ်သောက်ဆေးများကို တရုတ်မှောင်ခိုဈေးကွက်တွင် ရောင်းချနေ

တရုတ်တွင် မကြုံစဖူး ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားလာကာ ဆေးဝါးရရှိမှု အကန့်အသတ်ရှိလာသောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ သောက်ဆေးများကို မှောင်ခိုဈေးကွက်တွင် ဝယ်ယူနေကြရသည်။

တရုတ်သည် ယခုနှစ်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး ၂ မျိုးဖြစ်သည့် Pfizer ထုတ် Paxlovid ဆေးနှင့် တရုတ်ကုမ္ပဏီ Genuine Biotech မှ HIV ဆေး Azvudine တို့ကို အတည်ပြုခဲ့သည်။ ထိုဆေး ၂ မျိုးလုံးကို အချို့ ဆေးရုံများတွင်သာ ရနိုင်သည်။

ဆေးဝါးများကို အကန့်အသတ်ဖြင့်သာရမှုနှင့် မြင့်မားသော ဈေးနှုန်းများကြောင့် တရုတ်နိုင်ငံသားအများအပြားမှာ ဈေးသက်သာပြီး အိန္ဒိယမှတင်သွင်းသော ဆေးများကို မဖြစ်မနေ ရွေးချယ်လာရသည်။

ကိုဗစ်တိုက်ဖျက်သော အိန္ဒိယဆေးများကို တစ်ဗူးလျှင်င် ယွမ် ၁ ၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၄) ဖြင့်ရောင်းသည် ဆိုသော ကြော်ငြာများမှာ တရုတ်လူမှုမီဒီယာပလက်ဖောင်း Weibo တွင် ခေတ်စားနေပြီး အင်တာနက် အသုံးပြုသူများက ဆေးရနိုင်မည့်နည်းလမ်းများကို အချင်ချင်း အသိပေးနေကြသည်။

အိန္ဒိယမှ ကိုဗစ်တိုက်ဖျက်ရေး ဆေး ၄ မျိုးကို တရုတ်ဈေးကွက်တွင် Primovir၊ Paxista၊ Molnunat နှင့် Molnatris ဟူသော အမှတ်တံဆိပ်များဖြင့် တရားမဝင် ရောင်းချလျက်ရှိသည်။

သို့သော် အိန္ဒိယမှ အဆိုပါ ဆေးများကို တရုတ်အစိုးရက အတည်မပြုသေးသောကြောင့် ရောင်းချပါက အပြစ်ပေးနိုင်သော ပြစ်မှုဖြစ်သည်။

အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းအချို့က စကားလုံးအသုံးပြုမှုအပေါ် စောင့်ကြည့် စိစစ်မှုကို ရှောင်ရှားနိုင်ရန် ဆေးများကို အမည်လွှဲများဖြင့် ရောင်းချကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly