၁၅ ပြည့်မွေးနေ့ကို ဒေါ်လာ ၆ သန်းတန်မွေးနေ့ပွဲနဲ့ဖြတ်သန်းခွင့်ရတဲ့ ကောင်မလေး

၁၅ ပြည့်မွေးနေ့ကို ဒေါ်လာ ၆ သန်းတန်မွေးနေ့ပွဲနဲ့ဖြတ်သန်းခွင့်ရတဲ့ ကောင်မလေး

ဆန်အန်တိုနီယို၊ မတ်၊ ၁၀ ။          ။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ ၁၅ နှစ်ပြည့်မွေးနေ့ကို ကမ္ဘာ့ကံအကောင်းဆုံး ဆယ်ကျော်သက်တစ်ယောက်အဖြစ်နဲ့  ဖြတ်သန်းခွင့်ရသွားခဲ့ပါတယ်။

မာယာဟင်နရီဆိုတဲ့ အဲဒီကောင်မလေးရဲ့ ၁၅ နှစ်ပြည့်မွေးနေ့ကို သူမရဲ့ဖခင်က  ဒေါ်လာ ၆ သန်းထိအကုန်အကျခံပြီး ကမ္ဘာကျော်အဆိုတော်တွေ၊ ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေနဲ့ ကျင်းပပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

သူမရဲ့မွေးနေ့ပွဲကို လူပေါင်း ၆၀၀ တက်ရောက်ခဲ့ပြီး ပစ်ဘူးလ်၊ နစ်ခ်ဂျိုးနက် တို့လိုကမ္ဘာကျော်အဆိုတော်တွေက ဖျော်ဖြေပေးခဲ့ကာ ကမ္ဘာကျော်ဒီဇိုင်နာတွေနဲ့ မိတ်ကပ်ပညာရှင်တွေက သူမရဲ့အဝတ်အစားတွေနဲ့ မိတ်ကပ်တွေကို ပြင်ဆင်ပေးခဲ့ကြတာကြောင့် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့မွေးနေ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အဲဒီလို သမီးဖြစ်သူရဲ့ ၁၅ နှစ်ပြည့်မွေးနေ့ကို အခမ်းနားဆုံးဖြစ်အောင်စီစဉ်ပေးခဲ့သူကတော့ ကိုယ်ပိုင်ရှေ့နေလုပ်ငန်းတစ်ခု ထူထောင်ထားတဲ့ ရှေ့နေ သောမက်စ်၊ဂျေ၊ဟင်နရီဆိုသူပဲ ဖြစ်ပါတယ်။

မစ္စတာဟင်နရီဟာ ရှေ့နေပေါင်း အယောက် ၆၀ လောက်နဲ့လည်ပတ်နေတဲ့ တက္ကဆက်ပြည်နယ်အတွင်း အကြီးဆုံးရှေ့ နေလုပ်ငန်းတစ်ခုကို ထူထောင်ထားသူ ဖြစ်ပါတယ်။

သမီးဖြစ်သူ မာယာဟင်နီရီတစ်ယောက် ဆယ်ကျော်သက်ဘဝနဲ့လူငယ်ဘဝကြား အရေးကြီးတဲ့အရွယ်ကိုရောက်ရှိတဲ့ မွေးနေ့မှာ အမှတ်တရဖြစ်စေဖို့အတွက် မွေးနေ့ပွဲကို အခုလို ခမ်းခမ်းနားနားကျင်းပ   ပေးခဲ့တာလို့ မစ္စတာဟင်နရီနဲ့ ဇနီးဖြစ်သူ တို့က ပြောပါတယ်။

မာယာဟင်နရီဟာ ဂျက်စတင်ဘီဘာ၊ One Direction အဖွဲ့သားတွေ စတဲ့ နာမည်ကျော်အနုပညာရှင်တွေနဲ့ မကြာခဏ ဓါတ်ပုံတွဲရိုက်ခွင့်ရသူအဖြစ်နဲ့ Instagram လူမှုကွန်ယက်မှာ လူသိများသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly