ကမ္ဘာ့ ကုန်ကျစရိတ်အကြီးဆုံးမြို့အဖြစ် စင်္ကာပူ သတ်မှတ်ခံရ

ကမ္ဘာ့ ကုန်ကျစရိတ်အကြီးဆုံးမြို့အဖြစ် စင်္ကာပူ သတ်မှတ်ခံရ

လန်ဒန်၊ မတ်၊ ၁၀ ။          ။ ဗြိတိန်အခြေစိုက် စီးပွားရေးစုံစမ်းထောက်လှမ်းမှုယူနစ် (EIU) ကထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် စင်္ကာပူကို ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အကြီးဆုံးမြို့အဖြစ် သတ်မှတ်လိုက်သည်ကို တွေ့ရသည်။

စင်္ကာပူသည် ဇူးရစ်ချ်၊ ဟောင်ကောင်ဂျနီဗာ နှင့် ပဲရစ်တို့ကိုကျော်ဖြတ်ပြီး ယခုကဲ့သို့ နေထိုင်စားသောက်စားရိတ် အကြီးဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

EIU ၏ အစီရင်ခံစာတွင် မြို့ပေါင်း ၁၃၃ မြို့၏ နေထိုင်စားသောက်စရိတ်များကို နှိုင်းယှဉ်လေ့လာထားရာ လန်ဒန် က နံပါတ် ၆ နေရာ၌ ရပ်တည်ခဲ့ပြီး နယူးယောက်က နံပါတ် ၇ နေရာတွင် ရပ်တည်နေခဲ့သည်ကိုလည်း တွေ့ရသည်။

ကမ္ဘာ့ကုန်ကျစရိတ်အသက်သာဆုံးမြို့မှာ ဇမ်ဘီယာနိုင်ငံရှိ လူဆာကာမြို့ဖြစ်ကြောင်း EIU ၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး လူဆာကာပြီးလျှင် အိန္ဒိယနိုင်ငံရှိ ဘင်ဂလော နှင့် မွမ်ဘိုင်းတို့က စရိတ်အသက်သာဆုံးမြို့များ ဖြစ်ကြောင်း တွေ့ရသည်။

EIU ၏ လေ့လာဆန်းစစ်မှုများအရ ယခုနှစ်တွင် ယမန်နှစ်ကနှင့်ယှဉ်လျှင် ကမ္ဘာ့မြို့ကြီးများအားလုံးတွင် ကုန်ကျစရိတ်များ လျော့ကျသွားခဲ့သည်ကို တွေ့ရသည်။

အမေရိကန်ဒေါ်လာအားကောင်းလာမှု၊ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ပထဝီနိုင်ငံရေးမတည်ငြိမ်မှု စသည့်အချက်များကြောင့် ကုန်စည်ဈေးနှုန်းများ ကျဆင်းကာနေထိုင် စားသောက်စားရိတ်များ   လျော့ကျခြင်းဖြစ်မည်ဟု EIU ကသုံးသပ်ထားသည်။

ကုန်စည်ဈေးနှုန်းများကျဆင်းခြင်းကြောင့် အချို့နိုင်ငံများတွင် ငွေကြေးနှင့်စီးပွားရေး ကျုံ့ခြင်း၊ လမ်းကြောင်းလွဲခြင်းများ ဖြစ်ပေါ်နိုင်ပြီး ငွေကြေးတန်ဖိုးအားနည်းသောနိုင်ငံများတွင်မူ   ငွေကြေးဖောင်းပွမှုတစ်ရှိန်ထိုးတက်ခြင်းမျိုး ဖြစ်ပေါ်နိုင် ကြောင်း EIU က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly