မသေချာမရေရာသည့် ကမ္ဘာ့စီးပွားရေးကြောင့် ၂၀၂၃ခုနှစ်တွင် တရုတ်ပြည်တွင်း စိန်ခေါ်မှုများ ပိုမိုတွေ့ကြုံရနိုင်

မသေချာမရေရာသည့် ကမ္ဘာ့စီးပွားရေးကြောင့် ၂၀၂၃ခုနှစ်တွင် တရုတ်ပြည်တွင်း စိန်ခေါ်မှုများ ပိုမိုတွေ့ကြုံရနိုင်

တရုတ်အစိုးရအနေဖြင့် ပြင်ပစိန်ခေါ်မှုများကို တန်ပြန်ရေးအတွက် ပံ့ပိုးကူညီမှုများတောင်းခံနေချိန်တွင် မသေချာမရေရာသည့် ကမ္ဘာ့ စီးပွားရေးကြောင့် ၂၀၂၃ခုနှစ်တွင် ပြည်တွင်းတွင် စိန်ခေါ်မှုများ ပိုမိုတွေ့ကြုံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ စီးပွားရေးပညာရှင်များက ပြောကြားလိုက်သည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာနိုင်သည်နှင့်အမျှ နိုင်ငံတကာဈေးကွက်များ ကသောင်းကနင်းဖြစ်မှုများနှင့် ဘဏ္ဍာ ရေးအကျပ်အတည်းများဖြစ်ပေါ်နိုင်မှုကို တရုတ်က သတိပြုသင့်ကြောင်း ဝက်ဘ်ပေါ်တယ် Sina မှ စီစဉ်သည့် ဆွေးနွေးပွဲတွင် ဒုဘဏ္ဍာရေးဝန်ကြီးဟောင်း ကျူကွမ်ရောက်က ဒီဇင်ဘာ ၂၁ရက်တွင် ပြောကြားခဲ့သည်။

" ၂၀၂၃ခုနှစ်မှာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးကွက်များ အခက်အခဲဖြစ်နေချိန်တွင် အမေရိကန်၏ ငွေကြေးမူဝါဒတင်းကျပ်မှုကြောင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံအချို့တွင် ကြွေးမြီပြဿနာများပေါ်ပေါက်လာခဲ့သည်။

ဗြိတိန်စီးပွားရေးကျဆင်းနိုင်ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်က ကြွေးမြီကန့်သတ်ချက်ကို အချိန်မီ မတိုး မြှင့်ပါက အမေရိကန်ငွေကြေးသက်သေခံလက်မှတ်ဈေးကွက်ပြိုလဲသွားကာ ဘဏ္ဍာရေးမုန်တိုင်း ဖြစ်ပေါ်နိုင် ကြောင်း ကျူက ပြောကြားခဲ့သည်။

တရုတ်ခေါင်းဆောင်မှုအသစ်က ၂၀၂၃ခုနှစ်အတွက် စီးပွားရေးနှင့် မူဝါဒဆိုင်ရာ အလားအလာကို ဆုံးဖြတ် ပေးမည့် ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံမတိုင်မီ ၎င်း၏ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အတိုးနှုန်းမြှင့်တင်ခြင်းသည် ၂၀၂၃ခုနှစ်အလယ်အထိ ရပ်တန့်မည်မဟုတ်ကြောင်း ကျူက ခန့်မှန်းထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများသည် တရုတ်ကုန်ပစ္စည်းများအတွက် အဓိကဈေးကွက်များဖြစ်ပြီး ယင်းနိုင်ငံများ၏ ဘဏ္ဍာ ရေးမတည်ငြိမ်မှုဂယက်များ၏ ဒဏ်ကို တခြားကမ္ဘာ့ဈေးကွက်များက မကြာခဏ ခံစားခဲ့ရသည်။

ပြင်ပဝယ်လိုအား ကျဆင်းမှုကြောင့် ကမ်းရိုးတန်းရှိ စက်ရုံများကို ပိတ်လိုက်ရပြီး ရွှေ့ပြောင်းအလုပ်သမား သန်း ၂၀ သည် မွေးရပ်မြေများသို့ ပြန်ခဲ့ရသည့် ၂၀ဝ၈ ခုနှစ် ကမ္ဘာဘဏ္ဍာရေးအကျပ်အတည်းတွင် တရုတ်စီးပွားရေး သည် အကြီးအကျယ် အထိနာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly